3 May 2024

မီးဖွားခွင့်ကို ရက်ပေါင်း ၁၈၀ အဖြစ်ပြောင်းလဲသတ်မှတ်ပေးရန်နှင့် မီးဖွားသူ၏အိမ်ထောင်ဖက်အမျိုးသားကို ရက် ၃၀ ခွင့်ယူပိုင်ခွင့်ပေးရန် နိုင်ငံတကာအမျိုးသမီးများနေ့တွင် ချီတက် တောင်းဆို။

နှစ်စဉ် မတ်လ ၈ ရက်နေ့တွင်ကျရောက်မြဲဖြစ်သော နိုင်ငံတကာအမျိုးသမီးများနေ့တွင် ထိုင်းလုပ်သားရင်ကြားစေ့ရေးကော်မတီအပါအဝင် လုပ်သားကွန်ရက်၊ အမျိုးသမီးကွန်ရက်နှင့်လိင်စိတ်ကွဲပြားသူများကွန်ရက်တို့ပူးပေါင်းပြီး မြို့တော်ဗန်ကောက်ရှိ ဒီမိုကရေစီကျောက်တိုင်သို့အင်အားပြချီတက်ခဲ့ကြကာ အမျိုးသမီးအခွင့်အရေးအပါအဝင် လုပ်သားအခွင့်ရေးနှင့်လိင်စိတ်ကွဲပြားသူများ၏အခွင့်အရေး ၉ ချက်ကို တောင်းဆိုခဲ့ကြသည်။

နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ILO ၏ မိခင်အခွင့်အရေးအကာအကွယ်ပေးရေးဆိုင်ရာသဘောတူညီချက် ၁၈၃ ကို တရားဝင်အသိအမှတ်ပြုရန်။

အမျိုးသမီးများကို မီးဖွားခွင့် ရက် ၁၈၀ ပေးရန်၊ မီးဖွားသည့်ဇနီးသည်ကိုပြုစုရန်အတွက် အမျိုးသားကို ရက် ၃၀ ခွင့်ယူပိုင်ခွင့်ပေးရန် (လုပ်ခလစာအပြည့်ရရှိရမည်)၊ မီးဖွားခွင့်ယူထားသောအမျိုးသမီးများအားယခင်အတည်ပြုထားချက်နှင့်အညီ ရက်ပေါင်း ၉၈ ရက် လုပ်ခလစာပေးချေခြင်းကို အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရန်။

လုပ်ငန်းခွင်အကြမ်းဖက်မှုနှင့်အခွင့်အရေးချိုးဖောက်ခံရမှုတိုက်ဖျက်ရေးဆိုင်ရာ ILO 190 သဘောတူညီချက်ကို တရားဝင်အသိအမှတ်ပြုရန်၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများကိုအလုပ်မှထုတ်ပယ် ခြင်းမပြုရန်၊ လိင်ပိုင်းဆိုင်ရာအခွင့်အရေးချိုးဖောက်ခံရမှုကို ကြေအေး၍မရသောရာဇဝတ်မှုအဖြစ်သတ် မှတ်ပေးရန်။

အိမ်အကူလုပ်သားများအခွင့်အရေးအပြည့်အဝရရှိရေးဆိုင်ရာ ILO 189 သဘောတူညီချက်နှင့် နေအိမ်တွင်လုပ်ကိုင်သည့်လက်ခစားအလုပ်သမားများ တရားမျှတသည့်အခကြေးရရှိရေးနှင့်ကာကွယ်စောင့်ရှောက်မှုရရှိရေးဆိုင်ရာ ILO 177 သဘောတူညီချက်ကို တရားဝင်အသိအမှတ်ပြုရန်။

“စီးပွားရေးနှင့်လူ့အခွင့်အရေး”မူဘောင်အရ ပုံစံအမျိုးမျိုးဖြင့်လုပ်သားအခွင့်အရေးချိုးဖောက်မှုများကို တိုက်ဖျက်ရန်အတွက်စီမံချက်များချမှတ်ရန်၊အလုပ်အကိုင်တည်မြဲရေးနှင့်ကာကွယ်စောင့်ရှောက်မှုများကိုတန်းတူလက်လှမ်းမီနိုင်ရေးအတွက် ကာကွယ်စောင့်ရှောက်ရေးနှင့်ကုစားရေးစီမံချက်များ ချမှတ် ပေးရန်။

အစိုးရသည် ကလေးသူငယ်တိုင်းအား အသက် ၀ မှ ၆ နှစ်အထိ လစဉ် ဘတ် ၆၀၀ ထောက်ပံ့ပေးရန်။

တရားမျှတရေးနှင့်တန်းတူရေးအတွက် အသင်းအဖွဲ့များတွင် အမျိုးသား၊ အမျိုးသမီးနှင့် လိင်စိတ် ကွဲပြားသူများ၏ အချိုးအစားကို တန်းတူသတ်မှတ်ပေးရန်။

မတ်လ ၈ ရက်နေ့ကို အများပြည်သူအလုပ်ပိတ်ရက်သတ်မှတ်ပေးရန်။

အစိုးရသည် နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ်၏မူဘောင်နှင့်အညီ မိသားစုအား ဂုဏ်သိက္ခာရှိရှိ ကျွေးမွေးစောင့်ရှောက်နိုင်ရန် လုံလောက်သည့်အခြေခံလုပ်ခလစာကို ပေးချေရမည်ဟု စသည့်အချက်များကို တောင်းဆိုခဲ့ကြသည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS