26 April 2024

နိုင်ငံတကာနှစ်သစ်ကူးပွဲတော်အလွန်တွင် အိုမီခရွန်မျိုးကွဲကူးစက်မှုအားကောင်းလာပြီး နေ့စဉ်ထပ်တိုးလူနာဦးရေသည် ၅ ထောင်အထက်သို့တကျော့ပြန် ပြန်လည်ခုန်တက်လာပြီးနောက် အိုမီခရွန်လှိုင်းကိုလက်သင့်ခံနိုင်ရန်အတွက် လူနာခုတင် ၂၅,၀၀၀ ကျော်အရန်သင့်ပြင်ဆင်ထားဟု ဗန်ကောက်မြို့တော်ဝန်ဆို။

 

ကိုဗစ်-၁၉ ပဉ္စမလှိုင်းကိုလက်သင့်ခံနိုင်ရန် မြို့တော်ဗန်ကောက်အနေဖြင့် လူအင်အား၊ ဆေးဝါး၊ ဆေး ပစ္စည်း၊ ဆေးကိရိယာ အပါအဝင် မြို့တော်ဗန်ကောက်လက်အောက်ရှိဆေးရုံများ၊ ယာယီဆေးရုံများနှင့် Community Isolation များတွင် လူနာခုတင်စုစုပေါင်း ၂၅,၃၄၅ ပြင်ဆင်ထားသည်ဟုမြို့တော်ဝန် အတ်စဝင် ခဝမ်းမူယန် ကဆိုသည်။

 

ပင်မဆေးရုံများတွင် ၂,၉၂၂ လုံး၊ ယာယီဆေးရုံများတွင် ၂,၈၉၈ လုံး၊ ဟိုတယ်ဆေးရုံ (Hospitel) များတွင် ၁၉,၅၂၅ လုံး၊ ရပ်ရွာအခြေပြုသီးခြားစောင့်ကြည့်ရေးစင်တာ (Community Isolation) နေရာ ၄၀ တွင် ၅,၀၆၆ လုံး ပြင်ဆင်ထားသည်ဟု ဆိုသည်။

 

 

တဆက်တည်းတွင် ကိုဗစ်-၁၉ ကူးစက်နိုင်ခြေရှိသူများကို စိုင်းတိုက်မိုင်အဝေးပြေးကားဝင်းနှင့် ဘန်ခဲ မြို့နယ်ရှိ ဝိတိုရိယ ဂါးဒန်းတွင် Drive Thru ပုံစံဖြင့် အခမဲ့ပိုးစစ်ဆေးပေးနေပြီး မြို့တော်ဗန်ကောက် နယ်မြေအတွင်း ကုသရေးညွှန်ကြားရေးမှူးရုံးလက်အောက်ရှိ ဆေးရုံး ၁၁ ခုတွင်လည်း ATK စနစ်ဖြင့် ဧပြီ ၁ ရက်နေ့ (၂၀၂၂) အထိ အခမဲ့စစ်ဆေးပေးနေသည်ဟု ဆိုသည်။

 

ထို့ပြင် မြို့တော်ဗန်ကောက်အတွင်းရှိပြည်သူများကို ၃ ချောင်းမြောက်အားဖြည့်ကာကွယ်ဆေးစတင်ထိုးနှံပေးလျက်ရှိပြီး ထိုးနှံလိုသောပြည်သူများအနေဖြင့် QueQ အပ်ပလီကေးရှင်းတွင် စာရင်းသွင်းနိုင်သည်ဟု ဆိုသည်။

 

ထို့နောက် ကိုဗစ်လူနာများအနေဖြင့် ဟော့လိုင်းနံပါတ် ၁၆၆၉ သို့ခေါ်ဆိုပြီး လူနာတင်ကားခေါ်ယူနိုင်သည်ဟု ဆိုသည်။

သတင်း ရွှေကရင် (မြောင်းမြမြေ)

SHARE THIS NEWS

OTHER NEWS