26 April 2024

ချင်းပြည်နယ် အတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ လာသည့် စစ်ဘေးရှောင် အမျိုးသမီးငယ်များကို ပြည်ပ နိုင်ငံများတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေပေးမည် ဟုဆိုကာ ပွဲစားများက ပြောဆို စည်းရုံးမှုများ ရှိနေကြောင်း Mizzima သတင်းဌာနကဖော်ပြထားသည်။

”အထူးသဖြင့် ယောကျ်ားလေးတွေထက် ပွဲစားတွေက အမျိုးသမီးငယ်တွေကို ပိုလိုချင်နေကြတယ်။ အခု ခေတ်စားနေတာက ဒူဘိုင်းနိုင်ငံမှာ အိမ်ဖော်လုပ်ဖို့ဆိုပြီး ခေါ်တဲ့အလုပ် ခေတ်စားနေတယ်။ ကျွန်တော် တို့ လိုင်းထဲမှာနေတဲ့ကောင်မလေးတွေဆိုရင် ဒူဘိုင်းမှာ အိမ်ဖော်လုပ်ဖို့အပြီးအစီး ကုန်ကျစရိတ်ကို ပွဲစားက စိုက်ပေးတယ်။ အလုပ်လုပ်ရင်ရတဲ့ လစာလေးလစာကိုပွဲစားကိုပေးရမယ်။ ရန်ကုန်မှာ နေဖို့ အဆောင်တွေကအစ ပွဲစားပဲစီစဉ်ပေးတယ်။ ငွေမကုန်ဘဲနဲ့အကြွေးနဲ့သွားရတော့ ကောင်မလေးတွေ ကလည်း စိတ်ဝင်စားကြတာပေါ့” ဟု မင်းတပ်တွင်နေထိုင်သူတစ်ဦးက ပြောသည်။

ဒူဘိုင်းအလုပ်အတွက် နေအိမ်မှ ရန်ကုန်မြို့သို့ စတင်ထွက်ခွာချိန်မှ ခြောက်လခန့် ကြာမြင့်ရာ နေထိုင် စားစရိတ်များကို ပွဲစားက တာဝန်ယူကြောင်း ဒူဘိုင်းနိုင်ငံ ရောက်ရှိချိန် အလုပ်အတွက် စာမေးပွဲ ဖြေဆို အောင်မြင်သူများ ကုန်တိုက်ကြီးများနှင့် အဆောက်အအုံ များတွင် သန့်ရှင်းရေး လုပ်ငန်း အဖွဲ့လိုက် လုပ် ခွင့်ရကြောင်း အရည်အချင်းစစ် စာမေးပွဲ မအောင်သူများ နေအိမ်များတွင် အိမ်အကူ လုပ်ကိုင်ရကြောင်း သိရသည်။

”ကျွန်တော်ကတော့ ဖြစ်နိုင်ရင် ကိုယ့်ချင်းက မိန်းကလေးတွေ ဒူဘိုင်းနိုင်ငံကို လုံးဝ မလာစေချင်ဘူး၊ အိမ်ဖော် ဆိုရင် ပိုဆိုးတာပေါ့။ ဒီနိုင်ငံက အရမ်းရိုင်းတယ်။ ပြီးတော့ ဒူဘိုင်း ပွဲစားတွေက လုံးဝ မယုံရ ဘူးဗျ။ အခုဆိုရင် ဒူဘိုင်းမှာ အလုပ်ရဖို့ ပိုဆိုးတယ်၊ ဘာသာရေး ပွဲတော်လ ဆိုတော့ လေးလလောက် အလုပ်ရှားပါးနေမယ်။ အိမ်ဖော်လုပ်ရင်လည်း ဘာသာရေး စရိုက် မတူတာရယ် စကား မပေါက်တာ ရယ်က အရမ်း ခက်ခဲတယ်။ ဒူဘိုင်းမှာ အဆိုးဝါးဆုံး အလုပ်က မိန်းကလေးတွေ အတွက် အိမ်ဖော်ပဲ၊ ရတဲ့ လစာကတော့ အလုပ်ကောင်းရင် ခြောက်သိန်း ဝန်းကျင်လောက် ရကြတယ် ” ဟု ဒူဘိုင်းနိင်ငံတွင် သွားရောက် လုပ်ကိုင်နေသည့် ချင်းတိုင်းရင်းသားတစ်ဦးက ဆိုသည်။

ယခင်က ချင်းပြည်နယ်နေသူ အများစု ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ တို့တွင် အောက်လမ်း (အထောက်အ ထား မရှိ ပတ်စ်ပို့ မရှိ) ဖြင့်ဝင်ရောက် လုပ်ကိုင်သူ အများအပြား ရှိနေရာ ယခုအခါ ပတ်စ်ပို့ဖြင့် တရားဝင် ပြည်ပထွက်ခွာ အလုပ်လုပ်သူ များလာကြောင်း သိရသည်။

”ဖြစ်နိုင်ရင်တော့ အမျိုးသမီးတွေကို မလာစေချင်ဘူး၊ ဒါပေမယ့်လည်း ပြည်တွင်းမှာက သူတို့တွေ အတွက် လမ်းတွေ ပျောက်နေတယ်။ ကျောင်းတက်တဲ့ သူတွေကလည်း တို့လိုတန်းလန်း၊ ဆယ်တန်း ဖြေတဲ့ ကလေးတွေ ကလည်း ဘာလုပ်ရမှန်း မသိဘူး၊ ဒီတော့ ငွေကြေး တတ်နိုင်တဲ့ သူတွေ ရန်ကုန်မှာ စကားပြော သင်တန်းတွေ တက်ခိုင်းပြီး စင်္ကာပူ၊ ဂျပန်တို့ကို ချိတ်ဆက်ပြီး သွားခိုင်းကြတယ်။ ငွေကြေး မတက်နိုင်တဲ့ သူတွေကျတော့ ခုနကလို ပွဲစားနဲ့ အကြွေးစနစ်နဲ့ သွားကြတာတွေ များများလာတယ်” ဟု ရန်ကုန်မြို့တွင် နေထိုင်သည့် ချင်းအမျိုးသမီးက ပြောသည်။

လက်ရှိတွင် စင်္ကာပူသို့ ကျပ်သိန်း ၃၀ ပေါက်ဈေး ရှိပြီး အကြွေးဖြင့် သွားပါက လစာ ခြောက်လစာ ဖြတ်မည်ဟု သိရပြီး ဒူဘိုင်းသို့ ကြွေးစနစ်ဖြင့် လစာ လေးလ ဖြတ်တောက်ကြောင်း မင်းတပ်၊ မတူပီ၊ ဖလမ်းနှင့် ကလေးမြို့များမှ အမျိုးသမီးငယ်များ ပြည်ပ ထွက်ခွာရန် ကြိုးစားနေကြကြောင်း သိရသည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS