27 April 2024

,

ပရီးမီးယားလိဂ်မှာ အစဉ်အလာကြီးမားတဲ့ ချန်ပီယံလိဂ်ဆုဖလားကိုဆွတ်ခူးခဲ့ဖူးတဲ့ တောဘုရင် နော်တင်ဟမ် ဖောရက်စ်အသင်း ၂၃ နှစ်ကြာတန်းဆင်းခဲ့ပြီးနောက် တန်းပြန်တက်နိုင်ခဲ့။

ချန်ပီယံရှစ်ပလေးအော့ဗိုလ်လုပွဲမှာ နော်တင်ဟမ်ဖောရက်စ်ကတော့ ဟတ်ဒါဖီးကို အနိုင်ယူပြီး ပရီးမီးယားလိဂ်ကို တန်းတက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ပွဲကစားချိန် ၄၃ မိနစ်မှာ ဟတ်ဒါဖီးက ကိုဝဲလ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့မှုနဲ့အတူ အနိုင်ရရှိခဲ့တာဖြစ်ပြီး မြန်မာပရိသတ်တွေနဲ့ မစိမ်းတဲ့ နော်တင်ဟမ်တို့ ပရီးမီးယားလိဂ်ကို ပြန်လည်ခြေချနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဖောရက်စ်အတွက်တော့ နှစ်ပေါင်း ၂၃ နှစ်အကြာမှာ ပရီးမီးယားလိဂ်ကို ပြန်လည်တန်း တက်နိုင်ခဲ့ တာဖြစ်ပါတယ်။ ၁၉၉၈-၉၉ ဘောလုံးရာသီက ပရီးမီးယားလိဂ်ကို သူတို့က နောက်ဆုံးအကြိမ်အဖြစ် ကစားခဲ့တာဖြစ်ပြီး အခုမှ ပြန်လည်တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ၁၉၉၂-၉၃ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်လို့ နာမည်ပြောင်းချိန်မှာ ပထမဆုံးကစားခဲ့ဖူးတဲ့ အသင်းတွေထဲက တသင်းလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဒီအသင်းဟာ အစဉ်အလာအရ သေးသိမ်တဲ့အသင်းလည်းမဟုတ်ပါဘူး။ ချန်ပီယံလိဂ်ဖလားကို ၂ ကြိမ်တိုင်တိုင်ဆွတ်ခူးခဲ့ဖူးပြီး အင်္ဂလန်မှာဆိုရင် လီဗာပူးလ်နဲ့ ယူနိုက်တက်တို့နောက်၊ ချယ်လ်ဆီးနဲ့ အတူ ချန်ပီယံလိဂ်အောင်မြင်မှုချင်း တူညီနေတဲ့အသင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ရဲ့ တန်းပြန် တက်လာမှုက သမိုင်းကြောင်းကြီးမားတဲ့ အသင်းတသင်းကို ပြန်မြင်တွေ့ရဖို့လည်း ဖြစ်လာခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာလည်း ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးဖူးတဲ့ အသင်းအားလုံးကို တစုတစည်းတည်း မြင်တွေ့လိုက်ရတာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဖလား ၆ ကြိမ်ရရှိထားတဲ့ လီဗာပူးလ်၊ ၃ ကြိမ်ရရှိထားတဲ့ ယူနိုက်တက်၊ နှစ်ကြိမ်ရရှိထားတဲ့ ချယ်လ်ဆီးနဲ့ နော်တင်ဟမ်ဖောရက်စ်၊ တကြိမ်ဆွတ်ခူးထားတဲ့ ဗီလာတို့အားလုံးကို မြင်တွေ့ရတာလည်းဖြစ်ပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS