3 May 2024

ဇွန် ၃၀ ရက်၊ ၂၀၂၂

ဥကရိထ ခြေကုတ်စခန်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က တိုက်လေယာဉ်ကို ပိုအသုံးပြုပြီး လာရောက်ပစ်ခတ်နေပါတယ်။ ဗုံးတွေဟာထိုင်းဘက်ကိုကျော်ဝင်လာပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ Ch7 သတင်းကဖော်ပြထားပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ဝေါလေဒေသမှာ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNLA/KNDO) နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေက စစ်ကောင်စီရဲ့ ဥကရိထ စခန်းကို သိမ်းဖို့ ကြိုးစားတဲ့တိုက်ပွဲဟာ ငါးရက်ကြာ ဆက်လက်ပြင်းထန်နေပြီ၊ စစ်ကောင်စီဘက်က လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်မှု ပိုသုံးလာတယ်ဆိုပြီး မြေပြင်အခြေအနေသိရှိသူတွေက ပြောလာပါတယ်။

တိုက်ပွဲဖြစ်တဲ့နေရာက ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ဝေါလေဒေသ ဥကရိထကျေးရွာနားမှာဖြစ်ပြီးတော့၊ ထိုင်းနယ်စပ်ဘက်က ဟွေ့မိုက်ကျေးရွာ ဖုတ်ဖလမြို့နယ် တာ့ခ်ခရိုင်ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာက ထိုင်းနဲ့နီးစပ်တာကြောင့် ထိုင်းဘက်ကလုံခြုံရေးတိုးထားတဲ့အပြင်၊ အဲဒီတိုက်ပွဲဖြစ်တဲ့နီးနားတဝိုက်ကိုလဲ လူတွေကိုပေးမသွားဘူးလို့ သိရပါတယ်။

ဇွန်လ ၂၈ ရက် ညနေ ၃ နာရီ ၅၅ မိနစ်အချိန်မှာ တိုက်ပွဲဖြစ်တဲ့နေရာက အမျိုးအစားမသိရသေးတဲ့ ကျည်နှစ်တောင့် ထိုင်းဘက်ခြမ်းကိုကျော်ဝင်လာတယ်လို့ ထိုင်းသတင်းတွေကဖော်ပြထားပါတယ်။ ကျည်ကျတဲ့နေရာက ထိခိုက်သူတော့မရှိပါဘူး။ ထိုင်းဘက်ကို ကျည်ဆံတွေကျော်ဝင်လာတဲ့အတွက် ထိုင်းနယ်ခြားစောင့် စစ်တပ်ဘက်က မီးခိုးဗုံးနှစ်ချက် မိုးပေါ်ထောင်ပစ်သတိပေးခဲ့တယ်လို့ ဖော်ပြချက်အရသိရပါတယ်။

ညတုန်းက တဂျိန်းဂျိန်းနဲ့သေနတ်သံတွေအဆက်မပြတ်ကြားနေရတဲ့ ဥကရိထစခန်းတိုက်ပွဲမှာ ဒီကနေ့မနက်အထိလဲကြားနေပါတယ်။ တိုက်ပွဲမှာဒဏ်ရာရတဲ့သူတွေကိုတော့ ထိုင်းဘက်ခြမ်းက လူသားခြင်းစာနာထောက်ထားမှုဖြင့် ဝင်ရောက်ကုသခွင့်ပြုထားပါတယ်။ မဲဆောက်မှာလဲ ဒေသခံစစ်ရှောင် ၃၀၇ ဦးရောက်ရှိလာတယ်လို့ မဲဆောက်အရာရှိတစ်ဦးက သတင်းပေးပို့လာပါတယ်။

“စစ်ရှောင်တွေအတွက် သောက်ရေတွေအထူးလိုအပ်နေတယ်။ ပြီးတော့ ဒဏ်ရာရတဲ့သူတွေကို အစားထိုးကုသပေးဖို့ သွေးတချိုလိုအပ်နေတယ်။ သွေးအမျိုးအစားကိုတော့ မသိရသေးဘူး။ အရေးကြီးတာက သောက်ရေပါ။ မဲဆောက်မှာအလှူခံဖို့က မဖြစ်နိုင်တော့ဘူး” လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ မဲဆောက်ဒေသခံများက ဆိုပါတယ်။

ထို့ပြင် ဥကရိထစခန်းရဲ့တဝိုက်ကို စစ်ကောင်စီဘက်က cluster ဗုံးကိုကြဲချခဲ့ပြီး ဗုံးနှစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် ကရင်အမျိုးသားကာကွယ်ရေးတပ်သားတွေ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်း Ch7 သတင်းကဖော်ပြထားပါတယ်။

တဖက်မှာလဲ VENOM သတင်းမှန်ပြန်ကြားရေးဘက်က ” ယနေ့နံနက်ပိုင်းအထိတိုက်ပွဲဟာဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်းမြေပြင်မှာလက်တွေ့တိုက်ပွဲဝင်နေသော VENOM စစ်ကြောင်းမှူးစောဝင်းမြင့်ထံမှသတင်းရရှိပါတယ်ခင်ဗျာ။

ကျွန်တော်တို့ရဲဘော်များရဲ့လုံခြုံရေးကိုထောက်ထားငဲ့ညှာသောအားဖြင့်လူကြီးမင်းတို့အနေနှင့် သတင်းမှားများကိုဆက်လက်မတင်ကြဖို့ ကျွန်တော်တို့ VENOM စစ်ကြောင်းမှအနူးညွှတ်တောင်းဆိုပါတယ်ခင်ဗျာ။ ” သတင်းမှားကိစ္စနဲ့ပတ်သက်ပြီး မတင်မိကြဖို့ VENOM Commando ARMY ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် မေတ္တာရပ်ခံထားပါတယ်။

ကိုချစ် (ဇွဲကပင်မြေ)

SHARE THIS NEWS

OTHER NEWS