26 April 2024

သောက်လိုက်တာနဲ့ အညောင်းအညာချက်ချင်း ပျောက်တယ်လို့ မြန်မာတွေကြား နာမည်ကြီးနေတဲ့ ရသေ့တံဆိပ် ထိုင်းဗိန်းတောဆေးရည်ကို ထိုင်း FDA ကပါ အန္တရာယ်ရှိပြီး တရားမဝင်တဲ့ ဆေးဝါးဖြစ်ကြောင်းထုတ်ပြန် !

ထိုင်း FDA ကထုတ်ပြန်ထားတဲ့ပို့စ်ကိုကြည့်ရန် (ကလစ်ပါ)

မြန်မာတွေကြား ရေပန်းစားနေတဲ့ ရသေ့တံဆိပ် ထိုင်းဗိန်းတောဆေးထဲမှာ စတီးရွိုက်နှင့် တားမြစ်အကိုက်အခဲ ပျောက်ဆေးတွေ အဆမတန် ပါဝင်နေတာကြောင့် ရေရှည်သောက်သုံးရင် အသက်ကိုပါ အန္တရယ်ရှိစေနိုင်တဲ့ တရားမဝင်ထုတ်ကုန်ဖြစ်တယ်လို့ ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့ ကယမန်နေ့ (မတ်လ ၂၄ ရက်) မှာ ပြည်သူတွေကို သတိပေးခဲ့ပါတယ်။

အလားတူပဲ ထိုင်း FDA ကလည်း အဆိုပါဆေးဟာ FDA ထောက်ခံချက်မရှိကြောင်းနှင့် တရားမဝင်ထုတ်လုပ် ရောင်းချနေတဲ့ ဆေးဖြစ်ကြောင်း ထပ်မံထုတ်ပြန်ခဲ့ပါတယ်။

 

 

သတင်းစာရှင်းလင်းပွဲမှာ ရသေ့တံဆိပ် ထိုင်းဗိန်းတောဆေး ၁ ဘူးမှာ စတီးရွိုက်ဆေးပြား အပြား ၇၀ နှင့် တားမြစ် အကိုက်အခဲပျောက်ဆေး အပြား ၃၀ ပါဝင်နေတာကို တွေ့ရတယ်လို့ ပြောဆိုထားပါတယ်။

 

 

ဓာတ်ပုံ – FDA ရသေ့ဆေးမှာပါဝင်တဲ့တရားမဝင်တားမြစ်ဆေးစတီရွိုက်များ

အဲဒီဆေးပမာဏဟာ လူ့ခန္ဓာကိုယ်ကို သေစေနိုင်တဲ့ထိ အန္တရာယ်ဖြစ်နိုင်ပါတယ် ဒါကြောင့် ဒီကနေ့မှာ Myanmar Live အနေနဲ့ စတီးရွိုက် ဟာလူ့ ခန္ဓာကိုယ်အတွက် ဘယ်လောက်ထိ ဘေးထွက်ဆိုးကျိုးများလဲဆိုတာကို စုစည်း တင်ပြပေးလိုက်ပါတယ်။

စတီးရွိုက်ဆိုတာဘာလဲ ?

စတီးရွိုက်ဟာ စပ်ဆေးထဲမှာ ပါတဲ့ဆေး၊ ဖောတဲ့ဆေးလို့ လူသိများပါတယ်။ ဘာဆေးမှန်းသာ မသိတာ ဒီဆေးသောက်လိုက်ရင် ပေါ့ပါးနေတာပဲ။ ညောင်းတာ ကိုက်တာလည်း မရှိတော့ဘူးလို့ ပြောကြပါတယ်။ ဒါပေမယ့် ဒီဆေးက တကယ်ပဲ ဒီလိုသောက်ရတာ ဟုတ်ရဲ့လား။ သေချာ မသုံးတတ်ရင် သေနိုင်လောက်တဲ့ အန္တရာယ်ရှိတယ်ဆိုတာ သိရော သိကြရဲ့လား။

စတီးရွိုက်တွေဘယ်လိုအလုပ်လုပ်လဲ ?

စတီးရွိုက်က ကျောက်ကပ်အပေါ်မှာ ရှိနေတဲ့ အယ်ဒရီနယ်ဂလင်းကနေ ထုတ်တဲ့ ဟော်မုန်းတွေနဲ့ ဆင်တူပါတယ်။ ခန္ဓာကိုယ်က ထုတ်နိုင်တဲ့ ပမာဏထက်ပိုပြီး သောက်မိရင် ရောင်ရမ်းတာကို ထိန်းချုပ်နိုင်ပါတယ်။ ဒါကြောင့် ပန်းနာရင်ကြပ်တို့ အဆစ်ရောင်ရောဂါတို့မှာ သုံးတာပါ။ ပြီးတော့ ခုခံအားကိုလည်း ကျစေတဲ့အတွက် ခုခံအားကမောက်ကမဖြစ်တဲ့ ရောဂါတွေမှာလည်း သုံးနိုင်ပါတယ်။

စတီးရွိုက် ရဲ့ဘေးထွက်ဆိုးကျိုးတွေကတော့ ?

စတီးရွိုက်သောက်ဆေးရဲ့ effectက တစ်ကိုယ်လုံးကို ပျံ့သွားတဲ့အတွက်ကြောင့် ဘေးထွက်ဆိုးကျိုး တော်တော်များများကို ခံရပါတယ်။

· မျက်လုံးထဲမှာ ဖိအားများပြီး ရေတိမ်ဖြစ်တာ

· ခြေထောက်တွေ ဖောတာ

· သွေးတိုးတာ

· အစာအိမ်သွေးယိုတာ

· စိတ်အတက်အကျမြန်တာ၊ သတိမကောင်းတာ၊ ကယောင်ကတမ်းပြောတာ

· ဝလာတာ (အထူးသဖြင့် ဗိုက်၊ မျက်နှာ၊ ကျောနဲ့ ဂုတ်ပိုးမှာ အဆီစုတာ)။ ဒါကြောင့် မျက်နှာဝဝပြည့်ပြည့်ဖြစ်လာတာ၊ ကျောကုန်းကြီ ခုံးထနေတာ။

ရေရှည်စွဲသောက်ရင်တော့

· အတွင်းတိမ်ဖြစ်တာ

· သွေးတွင်းသကြားဓာတ်များစေတာကြောင့် ဆီးချိုသမားတွေ ဆီးချိုမထိန်းနိုင်ဘဲ ဖြစ်တာ

· ပိုးဝင်လွယ်တာ

· အရိုးပါးပြီး ကျိုးလွယ်တာ

· အယ်ဒရီနယ်ဂလင်းကနေ ဟော်မုန်းထုတ်တာကို ပိတ်လိုက်တဲ့အတွက် နုံးတာ၊ အစားမစားချင်တာ၊ ပျို့တာ၊ ခြေလက်မသယ်ချင်တာ ဖြစ်တတ်ပါတယ်

· အရေပြားပါးလာတာ၊ အညိုမည်း စွဲလွယ်တာ

· အနာကျက်နှေးတာ စတာတွေ ဖြစ်တတ်ပါတယ်။

တကယ်တော့ စတီးရွိုက်သုံးရတာ မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်ပါပဲ။ ကောင်းကျိုးနဲ့ ဆိုးကျိုးကို ချိန်ဆပြီး သုံးရတာပါ။ ကျွမ်းကျင်ပညာရှင်တောင် ထိန်းညှိပြီး သုံးရတဲ့ အနေအထားမှာ သာမန်လူတွေအနေနဲ့ လက်လွတ်စပယ်မသုံးသင့်ပါဘူး။ မသုံးတတ်ရင် ဘေးဖြစ်ပြီး အန္တရာယ်ဖြစ်တတ်ပါတယ်။

ကိုးကား – hellosayarwon

SHARE THIS NEWS

OTHER NEWS