5 May 2024

မိုးတွင်းကာလရောက်ရှိလာပြီဖြစ်တဲ့အတွက် မြန်မာနိုင်ငံက စစ်ရှောင်နေရသူတွေအတွက် စားရိက္ခာ၊ သောက်ရေသန့်၊ လုံခြုံတဲ့ အဆောက်အဦတွေနဲ့ ကျန်းမာရေးအတွက်ဆေးဝါးတွေ အရေးပေါ် လိုအပ်ချက်တွေရှိနေတယ်လို့ DVB သတင်းကဖော်ပြထားပါတယ်။

တောထဲမှာ စစ်ဘေးရှောင်ပြည်သူတွေဟာ မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးနေရတာတွေကြောင့် ငှက်ဖျားနဲ့ ဝမ်းပျက်ဝမ်းလျောရောဂါတွေခံစားနေကြရတဲ့အပြင် တီဘီရောဂါတွေပါ ခံစားနေကြရတယ်လို့ သိရပါတယ်။

ရောဂါတွေအဓိကခံစားနေရတဲ့သူတွေကတော့ ကလေးနဲ့သက်ကြီးရွယ်အိုတွေမှာအဖြစ်များပါတယ်။ မိုးတွင်းကာလ သယ်ယူပို့ဆောင်ရေးအတွက် သွားရေးလာရေး အခက်အခဲတွေကြောင့် အကူအညီပေးရေးအဖွဲ့တွေအနေနဲ့ အကူညီပေးနိုင်ဖို့ အခက်အခဲတွေရှိနေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ဆိုပါတယ်။

အထူးသဖြင့် သထုံခရိုင် တပ်မဟာ (၁)၊ တောင်ငူခရိုင် တပ်မဟာ(၂)၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃)၊ မြိတ်ထားဝယ်ခရိုင် တပ်မဟာ (၄)၊ ဖာပွန်(မူတြော်)ခရိုင်တပ်မဟာ (၅) နယ်မြေတွေဟာ သွားရေးလာရေးခက်ခဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေအတွက် လူသားချင်းစာနာမှု့ဆိုင်ရာ အကူအညီတွေ အရေးပေါ်လိုအပ်နေတာပါ။

ဒီဇင်ဘာလကတည်းက လေးကေ့ကော်မြို့သစ်ကနေ စတင်လိုက်တဲ့ စစ်ကောင်စီတပ်ရဲ့ ကျူးကျော်တိုက်ပွဲတွေကြောင့် အိမ်မပြန်နိုင်သေးတဲ့ စစ်ရှောင် ပြည်သူတွေဟာ အခုမိုးဦးစရာသီမှာ ကျန်းမာရေးအတွက် လုံလောက်တဲ့ ဆေးဝါးမရှိဖြစ်နေကြပါတယ်။

မြန်မာ-ထိုင်း နယ်စပ် စစ်ဘေးလွတ်ကင်းနိုင်တဲ့ နေရာမှာ နေထိုင်နေတဲ့ စစ်ဘေးရှောင်တွေအများစုဟာ ယာယီတဲအိမ်တွေနဲ့ နေထိုင်နေကြတာဖြစ်လို့ မိုးရာသီရောက်လာတဲ့အခါ လေပြင်းဒဏ်မခံနိုင်လို့ ပျက်စီးမှုတွေလည်း ရှိပါတယ်။

စစ်ကောင်စီပူးပေါင်းတပ်တွေက ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတော့ အရပ်သားပြည်သူ ၇၀,၀၀၀ ကျော်ဟာ နေအိမ်စွန်ခွာပြီး တော၊ တောင်၊ လျှိုမြောင်တွေနဲ့ နယ်စပ်သောင်းရင်းမြစ်တလျှောက် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Ref: DVB News

ဓါတ်ပုံ – KIC

SHARE THIS NEWS

OTHER NEWS