26 April 2024

ဇွန်လ ၂၄ ရက်၊ ၂၀၂၂

မြန်မာကနေထိုင်း၊ ထိုင်းကနေတဆင့် မလေးရှားနိုင်ငံသို့ တရားမဝင်လမ်းကြောင်းကနေ အလုပ်သွားရောက်လုပ်ကိုင်လိုတဲ့ မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံနယ်စပ်များမှာ အဖမ်းအဆီးတွေကြမ်းပေမယ့် ခိုးဝင်လုပ်သားများမှာ လျော့သွားတာမဟုတ်ဘဲ ပိုတိုးလာတာပဲရှိတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေကပြောပါတယ်။

“တို့နိုင်ငံမှာ ကျပ်တည်းတယ်လေ၊ အဲဒါကြောင့်အလုပ်လုပ်နိုင်သေးတဲ့လူငယ်တွေက တိုင်းတစ်ပါးမှာမိသားစုစားဝတ်နေရေးအတွက် အရဲစွန့်ပြီးထွက်လာကြတာပေါ့၊ မြန်မာနိုင်ငံမှာဆို အာဏာသိမ်းပြီးကတည်းက အလုပ်အကိုင်တွေရှားပါးလာတယ်။ အလုပ်မလုပ်ရတော့ဝင်ငွေတွေမရှိကြတော့ဘူး။ ဝမ်းရေးအတွက်မဖြေရှင်းနိုင်ဘူး။ နောက်ဆုံးတော့ နိုင်ငံခြားကိုသွားဖို့ပဲ အဆင်ပြေတော့မယ်ဆိုတော့ တိုင်းတစ်ပါးကိုသွားကြတာပေါ့၊ ခုလိုကုန်ဈေးနှုန်းတက်တော့ ပိုဆိုးတာပေါ့” လို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှု ​ကော်မတီ (JACBA) ဥက္ကဌ ဦးမိုးကြိုးက ဆိုပါတယ်။

ဇွန်လ ၁၉ ရက်ကနေ ၂၀ ရက်နေ့စပ်ကြားမှာ တရားမဝင်မြန်မာ ၂၁၄ ဦးကိုဖမ်းဆီးရမိထားတယ်လို့ ထိုင်းနယ်ခြားစောင့် ထိုင်းစစ်တပ်တွေထုတ်ပြန်ချက်အရသိရပါတယ်။ သူတို့တွေထိုင်းကိုဝင်ဖို့ တဦးလျှင် ၂၀၀၀၀-၂၅၀၀၀ထိ ပွဲစားကိုပေးခဲ့ရပါတယ်။

မြန်မာနိုင်ငံတွင်းမှာတော့ ပဲခူး ထားဝယ် ရန်ကုန် မြိတ် မော်လမြိုင်ကနေလာကြတာဖြစ်ပြီး၊ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ စမွတ်ဆာခေါ ဖေ့ချ်ဘူရီ ပရာကျွတ်ခီရီခမ် ချွန်ဘူရီ စုန်ခလာတို့ကို သွားရောက်အလုပ်လုပ်ကိုင်ဖို့လာရာကနေ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခမ်ခရိုင်နယ်စပ်မှာအဖမ်းခံကြရတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်းဘက် ချင်းမိုင်ဘက်မှာလဲ မြန်မာအယောက် ၄၀ ကျော်မှာ ပွဲစားလာအခေါ်စောင့်နေတုန်းမှာအဖမ်းခံခဲ့ရပါတယ်။ သူတို့တွေကို ဇွန်လ ၁၉ ရက်နေ့ကအဖမ်းခံကြရတာပါ။ ဝင်ဖမ်းတဲ့အချိန်မှာပဲ ၂ ယောက်ကတော့ထွက်ပြေးလို့ လွတ်သွားပေမယ့်။ ၄၈ ယောက်ကတော့အဖမ်းခံလိုက်ရပါတယ်။

ထိုင်းနိုင်ငံနဲ့မလေးရှားနိုင်ငံများမှာ ဖမ်းမိတဲ့မြန်မာတွေကို ပြစ်ဒဏ်ပေးပြီး ပြန်ပို့ပေမယ့်၊ တဖက်မှာလဲ ခိုးဝင်လာတဲ့အရေအတွက်က လျော့ကျမသွားပါဘူး။မလေးရှားနိုင်ငံ BELANTIK ထိန်းသိမ်းရေးစခန်းမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသား ၂၉ ဦးကို MAI လေကြောင်းလိုင်း ကယ်ဆယ်ရေးလေယာဉ်နဲ့ ဇွန်လ ၂၂ ရက်နေ့က မြန်မာနိုင်ငံကို ပြန်ပို့ပေးခဲ့တယ်လို့ မြန်မာသံရုံးက သတင်း ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းပြီနောက်ပိုင်းမှာ ယခင်တုန်းကလည်ပတ်နေတဲ့ စက်ရုံကြီးတွေပိတ်သိမ်းလိုက်တာကြောင့် အလုပ်သမားလူငယ်တွေဟာ အလုပ်လက်မဲ့ဖြစ်နေခဲ့ရပါတယ်။ ဒါကြောင့် မြန်မာလူငယ်များမှာ တိုင်းတစ်ပါးမှာအလုပ်ရဖို့ ရတဲ့နည်းနဲ့အရဲစွန့်သွားနေကြတာပါ။

ထိုင်းကို တရားမဝင်လမ်းကနေဝင်ရောက်ရာမှ အဖမ်းခံရပြီး ပြန်ပို့ခံထိတဲ့ မြန်မာအမျိုးသမီးတစ်ဦးက “ညီမကတော့ လွန်ခဲ့လလောက်က ထိုင်းကိုခိုးဝင်လာတာပေါ့၊ ပွဲစားက ဗန်ကောက်ရင် ၁၆ သိန်းယူမယ်ပေါ့၊ ထိုင်းရောက်မှပေးရမယ်လို့ပြောပါတယ်။ မြန်မာနိုင်ငံနယ်စပ်ကနေ ဗန်ကောက်ကိုကားတစ်ညပဲစီးပြီးလာရပါတယ်။ ဒီကိုရောက်တော့ ဘတ်မရှိဘူးလေ အလုပ်ကတော့ရှာရခက်တယ်။ တစ်ရုံသွားလဲမရ၊ နှစ်ရုံသွားလဲမရဖြစ်နေတယ်။ စက်ရုံတွေမှာအလုပ်လာလျှောက်သူတွေဟာလဲ ရာနဲ့ချီရှိပါတယ်။ မနက် ၄ နာရီစပြီး စက်ရုံရှေ့မှာအလုပ်ရဖို့သွားထိုင်စောင့်ရတာလည်းရှိပါတယ်။ နောက်တော့ အလုပ်လာလျှောက်တဲ့နေရာကို ထိုင်းပုလိပ်တွေဝင်ဖမ်းတယ်။ အဲဒီမှာအဖမ်းခံရပြီး ခုလိုပြန်ပို့ခံရတာပါ” လို့ အဖမ်းခံရပြီးနောက် ပြန်ပို့ခံရတဲ့ မြန်မာအမျိုးသမီးတစ်ဦးက Myanmar Live ကိုပြောပါတယ်။

ထိုင်းကိုဝင်လာပြီး အဖမ်းခံရပြီနောက် ပြန်ပို့ခြင်းခံရတဲ့မြန်မာနိုင်ငံသားတွေအများအပြားရှိသလို၊ တဖက်မှာလဲ ထိုင်းကိုဝင်ရောက်ဖို့ကြိုးစားနေတဲ့ မြန်မာနိုင်ငံသားတွေများစွာရှိနေပါတယ်။ ထိုင်းကို တရားမဝင်လမ်းနေကသွားရင် ၁၆ သိန်းလောက်ပေးရတယ်။ MoU လုပ်ပြီးလာမယ်ဆိုရင်လည်း ၂၅ သိန်းကနေ ၃၀ သိန်းလောက်ကုန်ကျတယ်လို့ ထိုင်းကိုဝင်လာတဲ့ မြန်မာလုပ်သားတွေကပြောပါတယ်။

ကိုချစ် (ဇွဲကပင်မြေ)

เรื่องฮอตในรอบสัปดาห์
မဲဆောက်တွင် မြန်မာဘက်သို့ရောင်းချမည့် တရားမဝင်ဆင်းမ်ကတ် ၄ ထောင်ကျော် ဖမ်းမိ
မဲဆောက်တွင် မြန်မာဘက်သို့ရောင်းချမည့် တရားမဝင်ဆင်းမ်ကတ် ၄ ထောင်ကျော် ဖမ်းမိ

SHARE THIS NEWS

OTHER NEWS