26 April 2024

ဇွန်လ ၂၇ ရက်၊ ၂၀၂၂

နိုင်ငံခြားသားနှင့် ထိုင်းနိုင်ငံသားများ တိုးကြိတ်ပြီး စျေးသွားရောက်ဝယ်လေ့ရှိတဲ့ စမ်းဖိန်စျေးရဲ့အနီးတဝိုက်မှာ ဇွန်လ ၂၆ ရက်နေ့က မီးလောင်မှုဖြစ်ပွားကာ သေဆုံး ၂ ယောက်နဲ့ထိခိုက်သူ ၉ ယောက်ရှိခဲ့တယ်လို့ ထိုင်းသတင်းတွေဖော်ပြချက်အရသိရပါတယ်။

 

 

ဇွန်လ ၂၆ ရက်နေ့ နံနက် ၁၁ နာရီအချိန်ကစတင်ပြီး ထရန်စ​​ဖော်မာ (မီးအားမြှင့်စက်) ပေါက်ကွဲမှုဖြစ်ပွားကာ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ စမ်းဖန်ထဝန်မြို့နယ် ကျတ်ကဝပ်မြို့နယ်ခွဲ ရတ်ချဝန်လမ်းမကြီး စမ်းဖိန်နယ်​မြေတွင် အကြီးစားမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။

ထရန်စ​​ဖော်မာ (မီးအားမြှင့်စက်) ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာနဲ့အနီးမှာရှိတဲ့ ၄ ထပ်တိုက်ခန်းတွဲမီး​လောင်မှုဖြစ်ပွားခဲ့ပြီး၊ အောက်မှာရပ်ထားတဲ့ ကား ၂ စီးလဲ မီးလောင်ခံခဲ့ရပါတယ်။ မီးလောင်တဲ့ ၄ ထပ်တိုက်ထဲမှာတော့ သေဆုံးသူ ၂ ယောက်တွေ့ခဲ့တယ်လို့ သိရပါတယ်။

 

 

သေဆုံးသူ ၂ ယောက်ကတော့ စာရင်းကိုင် ထိုင်းနိုင်ငံသား ၁ ယောက်နဲ့ အဲဒီတိုက်မှာလုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၁ ယောက်လို့ခန့်မှန်းထားကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သေဆုံးသူဟာ မီးလောင်ထားတဲ့အတွက် မည်သူမည်ဝါဖြစ်ကြောင်းအတည်မပြုနိုင်သေးဘူးလို့ စမ်းဖိန်ရဲစခန်းကပြောပါတယ်။

အဲဒီတိုက်ထဲမှာ အလုပ်လုပ်နေတဲ့ ထိုင်းနိုင်ငံသား အသက် ၅၂ နှစ် ၁ ယောက်နဲ့ မြန်မာနိုင်ငံသား အသက် ၃၄ နှစ် ၁ ယောက်ကို လုပ်ငန်းတာဝန်ခံတွေက ဆက်သွယ်တာမရလို့ သူတို့ဖြစ်နိုင်ခြေများတယ်လို့ ခန့်မှန်းထားကြပါတယ်။ သေဆုံးသူတွေကို စစ်ဆေးပြီးမှ အတည်ပြုပြောလို့ရမယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

 

 

ထရန်စ​​ဖော်မာ ပေါက်ကွဲမှုကြောင့် မီးလောင်ဆုံးရှုံးသွားတဲ့အထဲမှာ ထိုင်းဘတ် သိန်း ၁၀၀ ကျော်လောက်ရှိတဲ့အပြင် သေသူ ၂ ယောက်နဲ့ ထိခိုက်သူ ၉ ယောက်ရှိခဲ့ပါတယ်။

ကိုချစ် ဇွဲကပင်မြေ

ဓါတ်ပုံ – มูลนิธิร่วมกตัญญู

SHARE THIS NEWS

OTHER NEWS