4 May 2024

သြဂုတ် ၃ ရက်၊ ၂၀၂၂

မဲဆောက်၊ မယ်ဆိုင် ကနေဗန်ကောက်ကိုတက်လာရင်် ဟိုင်းဝေးပြေးတဲ့ဘတ်စ်ကားယာဥ်ကြီးတွေ ဂိတ်ဆုံးတဲ့နေရာက မော်ချစ်ဂိတ် (ဗန်ကောက်) ဖြစ်ပါတယ်။ ဘတ်စ်ကားရပ်နားတဲ့နေရာတွေမှာ ဆိုင်ကယ်၊ ကား အငှားယာဥ်မောင်းသူတွေက ဘယ်သွားမလဲ? ဘယ်လာမလဲ? ကားရှိတယ်၊ ဆိုင်ကယ်ရှိတယ်၊ ဆိုပြီး အလုအယက်လာခေါ်လေ့ရှိတဲ့နေရာမှာ သတိထားဖို့လိုပါတယ်။

အဲဒီလိုကားရပ်ပြီဆို အလုအယက်လာခေါ်တဲ့လူအုပ်စုထဲမှာ မှန်မှန်ကန်ကန်နဲ့လုပ်စားနေတဲ့သူထက် ဝိသမလောဘသမားတွေကပိုများပါတယ်။ အထူးသဖြင့် အမျိုးသမီးတစ်ယောက်ထဲခရီးသွားနေရင်ပိုဆိုးပါတယ်။ ဆိုင်ကယ်သမားတွေက အိတ်ကိုအလုအယက်ဆွဲယူတတ်ပြီး ဆိုင်ကယ်ပေါ်အတင်းလိုက်ခိုင်းအောင်ခေါ်ယူလေ့ရှိပါတယ်။

ဆိုင်ကယ် ကယ်ရီသမားတွေထဲမှာ အငှားဆိုင်ကယ်အက်ျီဝတ်ထားတဲ့သူတွေရှိသလို၊ အငှားဆိုင်ကယ်အက်ျီမဝတ်တဲ့သူတွေရှိပါတယ်။ သူတို့ခေါ်ရာနောက် လိုက်သွားမိပြီးဆိုရင် မီတာ ၁၀၀ လောက်ရှိတဲ့ခရီးကို ပတ်မောင်းပြီး မတန်မရာတောင်းလေ့ရှိပါတယ်။

မော်ချစ်ဂိတ် (ဗန်ကောက်) ဟိုင်းဝေးပြေးတဲ့ ဘတ်စ်ကားယာဥ်ကြီးတွေရပ်တဲ့နေရာက ဗန်ကောက်မြို့ပြင်မှာဖြစ်နေပေမယ့်၊ ဗန်ကောက်မြို့ရဲ့ နေရာအစုံကို သွားလို့ရတဲ့ အများပြည်သူစီးဘတ်စ်ကားဝင်းရှိတယ်။ ဗင်ကားဂိတ်ရှိတယ်။ ဘယ်သူကိုမှ မေးစရာမလိုအောင် ကားဆင်းတဲ့နေရာနဲ့အနီးတဝိုက်မှာပဲရှိပါတယ်။

မဲဆောက်ကလာတဲ့ ဘတ်စ်ကားထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေပါလာတတ်မြဲဖြစ်တာကြောင့် အဲဒီဆိုင်ကယ်၊ ကား ကယ်ရီသမားတွေက လူအနေအထားကိုကြည့်ပြီး ခေါ်ယူပါတယ်။ မြန်မာမှန်းသေချာသိပြီးဆိုရင် ခြိမ်းခြောက်ခေါ်တာမျိုးလဲရှိပါတယ်။ ကားကယ်ရီသမားတွေဆိုရင်လဲ မီတာနဲ့မဟုတ်ဘဲ အကြောင်းမျိုးစုံပြောပြီး ပုတ်ပြတ်ငှားခိုင်းတာတွေလုပ်တတ်ပါတယ်။

“ကိုချစ် ဇွဲကပင်မြေ” ကွင်းဆင်းစုံစမ်းတော့ မော်ချစ် (ဗန်ကောက်) ကားဝင်းရှိ ဆဲဗင်းရှေ့မှာ အလိမ်ခံထိထားတဲ့ အမျိုးသမီးငယ်လေး ၅-၆ ဦးကိုတွေ့ရတယ်။ မီတာ ၁၀၀ လောက်သာရှိတဲ့ခရီးကို တစ်ယောက် ဆိုင်ကယ်ခ ၂၀၀၊ တစ်ယောက်က ၁၀၀၊ တစ်ယောက်က ၈၀ ဘတ်ဖြင့် ဆိုင်ကယ်သမားလိမ်ပြီးယူသွားကြတယ်။

“ကျမကားစီးလာပြီး မော်ချစ်မှာဆင်းတယ်။ ဘတ်စ်ကားပေါ်ကဆင်းတော့ တက္ကစီကား၊ ဆိုင်ကယ် ကယ်ရီသမားတွေက ဘယ်သွားမလဲ၊ ဘယ်သွားမလဲ လာမေးကြတယ်။ ကျမကဖလန်ဆောင်သွားမယ်လို့ပြောတယ်။ အဲဒါနဲ့ ဗင်ကားသမားအယောင်ဆောင်ပြီး ဆိုင်ကယ် ကယ်ရီသမားက လာလာ ဗင်ကားရှိတဲ့နေရာကို ဆိုင်ကယ်နဲ့သွားရမယ်လို့ပြောပြီး၊ ကျမအိတ်ကိုအတင်းဆွဲယူသွားပြီး သူ့ဆိုင်ကယ်အရှေ့မှာတင်လိုက်တယ်။ အဲဒီနောက် ဟိုပတ်မောင်း ဒီပတ်မောင်းနဲ့ မဖွင့်သေးတဲ့ ဗင်ကားဂိတ်ကားသွားရပ်ပေးတယ်။ သူရပ်ပေးတဲ့နေရာက ဆဲဗင်းရှိတယ်။ အဲဒီဆဲဗင်းရှေ့မှာလဲ လူ ၄-၅ ယောက်က ကျမလိုပဲ အလိမ်ခံထိတဲ့သူတွေကို တွေ့ရတယ်” လို့ ပြောပါတယ်။

ဗန်ကောက်ကိုတက်လာပြီးဆိုရင် မဖြစ်မနေ ဆိုင်ကယ်စီးရမယ်ဆိုရင် မော်ချစ်ဂိတ်ရဲ့ အဝင်ပေါက်၊ အထွက်ပေါက်တိုင်းမှာ ဆိုင်ကယ် ကယ်ရီဂိတ်ရှိပါတယ်။ လာခေါ်တဲ့အုပ်စုထဲမှာ အငှားယာဥ်အက်ျီဝတ်ထားရင်လဲ မယုံကြပါနဲ့၊ နောက်တချက် သတိထားလို့ရတာက ကိုယ်စီးတဲ့ ကား၊ ဆိုင်ကယ် နံပါတ်ပြားကို သေချာကြည့်ပါ။ လိုင်စင်ရ လူပို့ ဆိုင်ကယ်၊ ကား နံပါတ်ပြားတွေက အဝါရောင်ဖြစ်ရပါမယ်။ အဖြူရောင်နံပါတ်ပြားဆိုရင် အိမ်သုံးအတွက်ပါ။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS