3 May 2024

ပန်းရောင်ကတ်လုပ်ဖို့ဆိုပြီး နှစ်သောင်းနီးပါးပေးလိုက်တာပွဲစားကလိမ်သွားတယ် ငွေတော့ပြန်ရချင်တယ် အမျိုးသားကလဲအလုပ်မရှိ၊ ကျမလဲကိုယ်ဝန်ရှိတော့ အလုပ်မလုပ်ရဘူး။ ယူသွားတဲ့ငွေတွေက ကျမတို့အသက်ဆက်ဖို့ပါ ဘတ်လုပ်ဖို့ပေးလိုက်တဲ့ငွေတွေကို ပြန်ရချင်တယ်ဟု နန်းဇင်မာ က Myanmar Live ကိုပြောပါတယ်။

“ထိုင်းမှာလူသစ်တွေဘတ်လုပ်ပေးမယ်ဆိုပြီးသတင်းထွက်တော့ ကျမအမျိုးသားကိုင်ဆောင်ထားတဲ့ ပတ်စပို့က သက်တမ်းကုန်နေတော့ ဘတ်လုပ်ဖို့လိုက်ဆက်သွယ်တယ်။ အသိတစ်ယောက်ကမိတ်ဆက်ပေးတဲ့ ပွဲစားတစ်ယောက်နဲ့အချိတ်ဆက်ရတယ်။

ပွဲစားက လူငယ်လေးပါ။ ရုပ်ရည်ရှိတယ်။ Tiktok ထဲမှာရော၊ သူဖေ့ဘွတ်ခ်က လူသိများတယ်။ ရုံးက ဖလန်ဆောင်မှာဆိုလား၊ ဘာဆိုလား ကျမလဲမလေ့လာမိဘူး။ ဘားအံမှာနေတယ်လို့ပြောတယ်။ သူနာမည်တွေဘာညာ မလေ့လာဘဲနဲ့ ဆက်သွယ်လိုက်တယ်။

ပွဲစားနဲ့အချိတ်ဆက်ရတော့ ပန်းရောင်ကတ် VIP ရှိတယ်လို့ပြောတယ်။ ၁၈၅၀၀ ဘတ်လို့ပြောတယ်။ ကျမတို့လဲ အမျိုးသားက အလုပ်စမတ်ရမယ်ဆိုတော့အမြန်လိုတယ်လေ အဲဒါနဲ့ လွဲပေးလိုက်တာပေါ့။

၆ လပိုင်းကတည်းက ငွေတွေကို အလုံးအရင်းလွဲပေးလိုက်ပါတယ်။ အဲဒီနောက် ပွဲစားကငွေရပြီး ပျောက်သွားတယ်။ ဘတ်ဘယ်အဆင့်ရောက်ပြီလဲ ဆက်သွယ်မေးမြန်းတော့ သတင်းလေးဘာလေးကြည့်ဦး ခုတင်လို့မရသေးဘူးဆိုပြီး ၊ ငွေမရခင်က လေသံနဲ့ ငွေရပြီးလေသံကတမျိုးပြောင်းသွားတယ်။

အဲဒါနဲ့စောင့်လာခဲ့တာ ခုဆို ၁၀ လပိုင်းရောက်နေပြီ၊ ပွဲစားကဘာတစ်ခုမှမလုပ်ပေးခဲ့ဘူး။ ဆက်သွယ်လဲမရတော့ဘူး။ ဖေ့ဘွတ်လဲပိတ်ထားတယ်။ ဆက်သွယ်ရတော့ ဘယ်ရောက် ဘာလုပ်ဆိုပြီး ဆင်ခြင်တွေပေးပေးပြီး ဖုန်းချသွားတယ်။

ကျမတို့က တရားဝင်အလုပ်သမားဖြစ်ချင်လို့ တန်ကြေးပေးလုပ်ပေးခိုင်းတာပါ။ ခုတော့ ဘတ်တင်တာလဲပြီးသွားပြီ၊ ငွေလဲလိမ်သွားတယ်။ ကျမမှာလဲ ကိုယ်ဝန်နဲ့ဆိုတော့ မွေးဖို့စရိတ်ကရှိသေးတယ်။ အမျိုးသားက ပတ်စပို့သေနေတာလေ အလုပ်ရှာရတာလဲအခက်ခဲရှိတယ်။

.

လိမ်သွားတဲ့ပွဲစားကို ကျမဘာမှမလုပ်ချင်ပါဘူး၊ သူထိုက်နဲ့သူ့ကံတော့ရှိမှာပဲ။ ငွေတော့ပြန်ရချင်တယ်။ ခုတော့ ဘတ်လဲမရ ငွေလဲဆုံးရှုုံးတော့မယ့်အနေထားမှာရောက်နေပါတယ်။

.

နောက်ဆုံးတစ်ခုပြောချင်တာက ကျမတို့လိုအလိမ်ခံမထိရအောင် ထိုင်းကအလုပ်သမားတွေလဲ ပွဲစားတွေကို သေချာလေ့လာပြီးမှ အလုပ်အပ်ပါ။ ဒါမှ မဟုတ်ရင် ကျမတို့ အဖြစ်မျိုးကြုံရနိုင်ပါတယ်” လို့ နန်းဇင်မာ က ပြောပါတယ်။

.

ထိုင်းမှာ ဘတ်ရိုက်ပေးနေပြီဆိုရင် ပွဲစားတွေက ငွေကြိုယူပြီး လိမ်သွားတာတွေ၊ ကုန်ကျစရိတ် အဆမတန်ပေးနေရတာတွေ၊ အလိမ်ခံရမှုတွေက နန်းဇင်မာ လို ဖြစ်စဉ်မျိုးများစွာရှိနေတယ်လို့ လိုက်လံကူညီပေးသူတွေထံက သိရပါတယ်

.

SHARE THIS NEWS

OTHER NEWS