30 April 2024

အောက်တိုဘာ ၁၇ ရက်၊ ၂၀၂၂

မနေ့က ဗန်ကောက်မြို့မှာကျင်းပတဲ့ Thai Fight မွေထိုင်းလက် ဝှေ့ပြိုင်ပွဲမှာ မြန်မာနိုင်ငံက ကရင်နီအမျိုးသမီးလက်ဝှေ့မယ် ဘရော်နီကာ (Vero V.Rujirawong) တက်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့တယ်လို့ သိရပါတယ်။

ဘရော်နီကာဟာ ဘယ်ညာတွဲလုံး လက်သီးချက်တွေ၊ တံတောင်ရိုက်ချက်တွေနဲ့ ခြေကန်ချက်တွေအစုံသုံးပြီး ပြိုင်ဘက် ဘရာဇီးလက်ဝှေ့မယ်ကို ယှဉ်ပြိုင်ထိုးသတ်ခဲ့တာ ဖြစ်ပါတယ်။ ဘရော်နီကာဟာ ဒုတိယအချီမှာတော့ အားပြင်းတဲ့ ဘယ်လက်သီးတစ်လုံးပစ်သွင်းလိုက်ပြီး၊ အဲဒီမှာပဲ ပြိုင်ဘက်ဖြစ်သူ မခံနိုင်တော့ပဲ လဲကျသွားတဲ့အတွက် ဘရော်နီကာက အနိုင်ရသွားတာဖြစ်ပါတယ်။

“ပထမအချီက သူထိတယ်၊ ပြိုင်ဘက်က လက်လဲရှည်တယ်၊ အရပ်လဲမြင့်တယ်လေ။ ဒုတိယအချီလဲရောက်လာတော့ ထိုးကွက်ပြောင်းလိုက်တာနဲ့တူတယ်။ သူသာသွားတယ်။ ၁ မိနစ်နဲ့ ၄၂ စက္ကန့်လောက်မှာပဲ လက်သီးကြောင့် လဲကျပြီးမထနိုင်တော့ဘူး အဲဒီမှာအနိုင်ရသွားတာ။ Thai Fight မှာဆို ၆ ပွဲကစားပြီးသွားပြီ၊ ၆ ပွဲလုံးအနိုင်တယ်။ နောက်ထပ် ၂ ပွဲထပ်ထိုးဖို့ရှိသေးတယ်။

ဘရော်နီကာ ထိုင်းမှာရောက်ကတည်းက အသိုင်းအဝိုင်းမရှိဘူး၊ အသိလဲမရှိဘူး၊ သူမန်နေဂျာက အဂ်လိပ် သူ့ထောက်ပံ့နဲ့နေပြီး လက်ဝှေ့ထိုးတာ။ သူမကပရိတ်သတ်ရဲ့အားပေးမှုဝန်းရံမှုလိုအပ်နေပါတယ်။ သူမက ကယန်းသူဆိုတော့ အပြောအဆိုတော့ သိပ်မတတ်ဘူး။ အဲဒါကြောင့် သူမအမှားပြောတာတွေရှိရင် စိတ်မဆိုးကြပါနဲ့၊ အဖက်ဖက်ကနေ ဝန်းရံပေးကြပါ မြန်မာအမျိုးတွေမလုပ်နိုင်တာ သူမလုပ်နိုင်ခဲ့ပါတယ်။ နောက်လမှာလဲ ထိုးဖို့ရှိတယ်။ ထိုင်းနိုင်ငံ ဟိုဟင် ဘက်မှာပါ။ လာပြီးဝန်းရံပေးကြပါတယ်။ ကမ္ဘာချန်ပီယံအဆင့်ထိသွားဖို့ သူမကြိုးစားနေတယ်” လို့ ဘရော်နီကာ ကိုလိုက်လံကူညီပေးတဲ့ မဇင်အိအိမောင် ကပြောပါတယ်။

ဘရော်နီကာအနိုင်ရသွားတဲ့ ဘရားဇီးနိုင်ငံသူ မာရီယာနာဟာ မွေထိုင်းလက်ဝှေ့ပြိုင်ပွဲတွေမှာ နိုင်ပွဲပေါင်း ၂၅ ပွဲရရှိထားသူဖြစ်ပါတယ်။ ကရင်နီအမျိုးသမီးလက်ဝှေ့မယ် ဘရော်နီကာ မနေ့ကပွဲနဲ့ဆို ပွဲပေါင်း ၃၀ ကျော် ကစားခဲ့ရာမှာနိုင်ပွဲ ၁၆ ပွဲ၊ ရှုံးပွဲ ၂ ပွဲ၊ သရေ ၁၇ ပွဲ ရှိပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS