10 May 2024

———————————–

ဗန်ကောက် ဇန်နဝါရီလ ၁၈ ရက်၊ ၂၀၂၃

ညီမ အကိုဝက်ကြီး ပေါက်ကွဲမှုဖြစ်ဖြစ်ချင်း ပျောက်သွားတယ်။ ခဏအကြာ ရေထဲမှာမျောနေတဲ့ သူ့အလောင်းကိုတွေ့သွားတယ်၊ ခြေလက်နဲ့အောက်ပိုင်းကပါမလာတော့ဘူး၊ ကိုယ်နဲ့ခေါင်းပဲရှိတော့တယ်။

မနေ့က ထိုင်းနိုင်ငံ စမုဆုန်ခရာမ်ခရိုင် စမုဆုန်ခရာမ်မြို့နယ် လယ်ဟိုင်ကျေးရွာအုပ်စု (บริษัท รวมมิตรด็อกยาร์ด จำกัด) သင်္ဘောကျင်းတွင် ပြုပြင်ရန်အတွက် ရပ်နားတဲ့သင်္ဘောမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂ ဦးနှင့် ၅ ဦးမှာပျောက်ဆုံးနေတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးက သတင်းထုတ်ပြန်ပါတယ်။

သင်္ဘောပေါ်မှာ မြန်မာလုပ်သားအပါဝင် အလုပ်သမား ၃၀ လောက်လုပ်ကိုင်နေတယ်လို့ အဲဒီမှာလုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၁ ယောက်ထံကသိရပါတယ်။

သင်္ဘောပေါက်ကွဲချိန်တွင် အသက် ၃၅ နှစ်ရှိတဲ့ ကိုပိုက်ထွေး ကတော့အခင်းဖြစ်တဲ့နေရာမှာပျောက်သွားတယ်။ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ သူ့အလောင်းကိုတော့ အဲဒီနေ့ရဲ့ နေ့လယ်အချိန်မှာ ဘုန်းကြီးကျောင်းနားမှာရေထဲမျောလာလို့ တွေ့သွားတာဟု သေဆုံးသူညီမဖြစ်သူက Myanmar Live ကိုပြောပါတယ်။

“မနေ့ကပေါက်ကွဲမှုဖြစ်တဲ့နေရာမှာ ညီမအကို ၁ ယောက်ပါသွားတယ်။ သူ ဝါရိန်ဆော်နေတဲ့အချိန်မှာပေါက်ကွဲမှုဖြစ်တော့ အဲဒီနေရာမှာပဲပျောက်သွားတယ်။ အဲဒီကုမ္ပဏီမှာ ညီမအကို ၂ ယောက်အလုပ်လုပ်ပါတယ်။ ကျန်တဲ့ ၁ ယောက်ကဘာမှမဖြစ်ဘူး။ အခင်းဖြစ်ဖြစ်ချင်း ပေါက်ကွဲမှုဖြစ်ပြီး ကိုပိုက်ထွေး ပျောက်သွားတယ်လို့ ကျန်တဲ့အကို ၁ ယောက်က ကျမဆီကိုဖုန်းနဲ့လှမ်းအကြောင်းတယ်။ ညီမ အကိုတွေက အဲဒီမှာအလုပ်လုပ်လာတာ ၆ နှစ်လောက်ရှိပါပြီ၊ မနေ့က နေ့လယ်လောက်အချိန်မှာ အကိုပိုက်ထွေး ရုပ်အလောင်းကို ဘုန်းကြီးကျောင်းနားမှာမျောပါလာတယ်။ အလုပ်ထဲမှာဆို ကိုပိုက်ထွေး ကိုဝက်ကြီးလို့ခေါ်ကြတယ်။ သူကဝဝတုတ်တုတ် ထိပ်နည်းနည်းပြောင်တယ်။ ပြီးတော့ သူ့ရင်ဘတ်မှာ တက်တူးထိုးထားတားရှိတယ်။ အဲဒါကြောင့် ရေထဲမျာလာချိန် တွေ့တွေ့ချင်း ကိုပိုက်ထွေး လို့သိသွားတယ်။ ပေါက်ကွဲမှုအရှိန်ကြောင့်ဖြစ်မယ်။ ကိုပိုက်ထွေး အောက်ပိုင်းမရှိတော့ဘူး၊ ကိုယ်နဲ့ခေါင်းပဲမျောလာတာတွေ့ရတယ်” လို့ သေဆုံးသူရဲ့ ညီမဖြစ်သူ မနန္ဒာအောင် က Myanmar Live ကိုပြောပါတယ်။

သေဆုံးသွားသည့် မြန်မာလုပ်သားတစ်ဦးမှာ မြန်မာနိုင်ငံ မော်လမြိုင်မြို့ ကျိုက်မရောမြို့နယ် ပိန်းနဲကုန်းမှာနေတယ်လို့ သိရပြီး၊ လက်ရှိအချိန် ပျောက်ဆုံးနေသူ ၅ ဦးထက်မနည်းရှိနေသေးကြောင်း မနေ့ခရိုင်မှူးထုတ်ပြန်ချက်ထဲမှာပြောသွားပါတယ်။

သင်္ဘောဟာ မီးလောင်ပေါက်ကွဲမှုဖြစ်ချိန်တွင် လောင်စာဆီ ၂၅၀၀၀ လီတာနှင့် ဒီဇယ် ၂၀၀၀၀ လီတာရှိနေခဲ့တယ်လို့သိရပါတယ်။ ပေါက်ကွဲမှုအရှိန်ကြောင့် ၇ ကီလိုမီတာအထိ ခံစားခဲ့ရပြီး နေအိမ်များရှိ မှန်များလဲ ကွဲအက်ခဲ့ကြောင်း သိရပါတယ်။

မနက ၁၀ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပြီးနောက် သင်္ဘောပေါ်မှာ ဆက်တိုက်မီးလောင်နေပြီးတော့ ဇန်နဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီနောက်ပိုင်းမှာ မီးငြိမ်းသတ်နိုင်ခဲ့တာကြောင့် ၄ နာရီအကြာမီးလောင်နေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းအနေနဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ မနက် ၁၀ နာရီ ၂၀ မိနစ်အချိန်မှာ ထပ်မံရုပ်အလောင်း ၁ လောင်းတွ့ရှိခဲ့ပြီး၊ မောင်ဦးငယ် မြန်မာလုပ်သားရုပ်အလောင်းဟု သူမိသားစုတွေက အတည်ပြုပြောပါတယ်။

.

ကိုချစ် ဇွဲကပင်မြေ

Myanmar Live မှ သတင်းများကို အောက်ပါပလက်ဖောင်းများတွင် စောင့်ကြည့်နိုင်ပြီ!

SHARE THIS NEWS

OTHER NEWS