3 May 2024

မော်ချစ်ကားဝင်းအနီးတွင် သင်္ကြန်ကာလအတွင်း ခရီးသည်များကို ယာဉ်စီးခပိုတောင်းသော လိုင်စင်မဲ့ ဆိုင်ကယ်တက္ကစီ ၃၀ ဦးအထိ ဖမ်းဆီးနိုင်ခဲ့သည်ဟု ဘန်စုရဲစခန်း က ထုတ်ပြန်ထားသည်။

အဆိုပါ လိုင်စင်မဲ့ဆိုင်ကယ်တက္ကစီများသည် ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့မှ ဧပြီလ ၁၇ ရက်နေ့များတွင် ခရီးသည်များကို မော်ချစ်ကားဝင်းအနောက်ဘက်နေရာမှ ကျတူကျတ်မိုးပျံရထားဘူတာသို့ တရားမဝင် ပြေးဆွဲပေးခဲ့ကြပြီး ယာဉ်စီးခကို အဆမတန်တောင်းယူခဲ့ကြသည်ဟု ဖော်ပြထားသည်။

 

ဖမ်းဆီးရမိသည့် လိုင်စင်မဲ့ဆိုင်ကယ်တက္ကစီများကို စစ်ဆေးရာတွင် မူးယစ်ဆေးဝါးနှင့်လက်နက် (ဓား) များကို တွေ့ရှိခဲ့သည့်အပြင် ဆိုင်ကယ်တက္ကစီပြေးဆွဲခွင့်လိုင်စင်မရှိဘဲ အောက်ခံအဖြူရောင်နံပါတ်ပြား ပါမော်တော်ဆိုင်ကယ်များဖြင့် ပြေးဆွဲနေသည်ကို တွေ့ရှိရသည်။

ထိုင်းနိုင်ငံ၏ ကုန်းလမ်းပို့ဆောင်ရေး ဥပဒေအရ အောက်ခံအဝါရောင်နံပါတ်ပြားပါ မော်တော်ဆိုင်ကယ် များသာ လိုင်းပြေးဆွဲခွင့်ရှိသည်ဟု သိရသည်။

ထို့ပြင် ဖမ်းဆီးရမိသူများတွင် အများပြည်သူပြေဆွဲခွင့်ယာဉ်မောင်းလိုင်စင် (Public Motorcycle Driving Licence) ကိုင်ဆောင်ထားခြင်း မရှိသည်ကိုလည်း တွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။

တဆက်တည်းတွင် ခရီးသည်များကိုငြင်းဆိုသောတက္ကစီကားများနှင့် မီတာခလိမ်လည်သော တက္ကစီကားများကိုပါ နှိမ်နင်းသွားမည်ဟု ဖော်ပြထားသည်။

SHARE THIS NEWS

OTHER NEWS