29 April 2024

ဓာတ်ပုံ Amazing Thailand

 

အောက်တိုဘာ ၁၂ ရက်၊ ၂၀၂၁

 

လာမည့်နိုဝင်ဘာ ၁ ရက်နေ့တွင် နိုင်ငံခြားခရီးသွားများကိုဝင်ရောက်ခွင့်ပြုမည်၊ ဒီဇင်ဘာ ၁ ရက်နေ့တွင် စားသောက်ဆိုင်များ၌အရက်ဘီယာထိုင်သောက်ခွင့်ပြုမည်၊ ဖျော်ဖြေရေးလုပ်ငန်းများပြန်လည်ဖွင့်လှစ်ခွင့်ပြုတော့မည်ဟု ထိုင်းဝန်ကြီးချုပ် ဆို။

 

လာမည့်နိုဝင်ဘာ ၁ ရက်နေ့တွင် ကာကွယ်ဆေးအပြည့်ထိုးနှံထားသည့်နိုင်ငံခြားခရီးသွားများကို ကွာရန်တင်းဝင်ရန်မလိုဘဲ ဝင်ရောက်ခွင့်ပြုတော့မည်ဟု ထိုင်းဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီး(ငြိမ်း) ပရာယွတ် ကျန်အိုချာ က ယမန်နေ့ည ၈ နာရီခွဲအချိန်တွင် ထိုင်းအထူးရုပ်သံမှတဆင့်ပြောကြားခဲ့သည်။

 

 

ထိုင်းနိုင်ငံအနေဖြင့် လာမည့်နှစ်ကုန်ပိုင်းတွင် ကာကွယ်ဆေးဒို့စ်ပေါင်းသန်း ၁၇၀ ထိုးနှံပေးနိုင်မှာဖြစ်ပြီး ကမ္ဘာ့ကာကွယ်ဆေးထိုးနှံမှုအများဆုံး ၁၀ နိုင်ငံတွင်ပါဝင်လာမည်ဖြစ်၍ နိုင်ငံ့ခရီးသွားတံခါးဖွင့်ရန်ထိုင်းအစိုးရကပြင်ဆင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

 

 

ကနဦးအနေဖြင့် အင်္ဂလန်၊ ဂျာမနီ၊ အမေရိကန်၊ တရုတ်၊ စင်္ကာပူ စသည့် ရောဂါကူးစက်နိုင်ခြေအနိမ့်ဆုံး ၁၀ နိုင်ငံမှခရီးသွားများကို ဦးစားပေးဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး နေရပ်နိုင်ငံမှမထွက်ခွာမီ ကိုဗစ်-၁၉ စစ်ဆေးရမည့်အပြင် ထိုင်းနိုင်ငံသို့ဆိုက်ရောက်လာသည့်အခါ RT-PCR ဖြင့် ကိုဗစ်-၁၉ ထပ်မစစ်ဆေး မှုခံယူရမည်ဟု ဆိုသည်။ ပိုးမရှိသည့်သူများသည် ကွာရန်တင်းဝင်ရန်မလိုဘဲ ထိုင်းနိုင်ငံသားနည်းတူ ထိုင်းနိုင်ငံအနှံလည်ပတ်နိုင်မည်ဟု ဆိုသည်။

 

 

အဆိုပါ ၁၀ နိုင်ငံကို လာမည့်နိုဝင်ဘာ ၁ ရက်နေ့တွင်စတင်ဝင်ရောက်ခွင့်ပြုမည်ဟုသိရပြီး ဒီဇင်ဘာ ၁ ရက်နေ့တွင်နိုင်ငံအရေတွက်ထပ်တိုးသွားမည်ဖြစ်ကာ ဇန်နဝါရီ ၁ ရက်နေ့တွင်ကျယ်ကျယ်ပြန့်ပြန့်တိုးချဲ့သွားမည်ဟု ဝန်ကြီးချုပ်က ဆိုသည်။

 

သို့သော် ၁၀ နိုင်ငံစာရင်းတွင်မပါဝင်သောနိုင်ငံသားများကိုလည်း ထိုင်းကျန်းမာရေးဝန်ကြီးဌာန၏ကိုဗစ်-၁၉ အစီအမံအောက်တွင် ဝင်ရောက်ခွင့်ပြုမည်ဟု သိရသည်။

 

 

တဆက်တည်းတွင် နိုင်ငံတကာနှစ်သစ်ကူးပွဲတော်ရက်နီးကပ်လာပြီဖြစ်၍ လာမည့်ဒီဇင်ဘာ ၁ ရက်နေ့အတွင်းစားသောက်ဆိုင်များတွင် အရက်ဘီယာထိုင်သောက်ခွင့်ပြုရန်နှင့် ဖျော်ဖြေရေးလုပ်ငန်းများကိုပြည်သူ့ကျန်းမာရေးအစီအမံအောက်တွင်ပြန်လည်ဖွင့်လှစ်ခွင့်ပေးရန် သုံးသပ်သွားမည်ဟုဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။

 

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS