28 April 2024

ဗြိတိန်တွင် အိုမီခရွန်ကြောင့်သေဆုံးသူ ၁ ဦးရှိလာပြီးနောက် အိုမီခရွန်သည် လာမည့် ၄၈ နာရီအတွင်း မြို့တော်လန်ဒန်တွင်ကူးစက်မှုအများဆုံးမျိုးကွဲဖြစ်လာနိုင်ပြီး နိုင်ငံတဝန်းနေ့စဉ်ထပ်တိုးလူနာ ၂ သိန်းအထိရှိလာနိုင်သည်ဟု ဗြိတိန်အာဏာပိုင်များက သတိပေးထားသည်။

 

မြို့တော်လန်ဒန်တွင် အိုမီခရွန်မျိုးကွဲကူးစက်သူဦးရေသည် ကိုဗစ်-၁၉ ကူးစက်ခံထားရသူဦးရေ၏ ၄၄ ရာခိုင်နှုန်း အထိမြင့်မားလာပြီးနောက် အိုမီခရွန်မျိုးကွဲသည် လာမည့် ၄၈ နာရီအတွင်း မြို့တော်လန်ဒန်တွင်ကူးစက်မှုအများဆုံးမျိုးကွဲဖြစ်လာနိုင်သည်ဟု ဗြိတိန်ကျန်းမာရေးဝန်ကြီး Sajid Javid က ပြီးခဲ့သည့်ဒီဇင်ဘာ ၁၃ ရက်တွင်သတိပေး ထားသည်။

 

ဗြိတိန်တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်နေ့တွင် ပထမဆုံးအိုမီခရွန်လူနာကိုစတင်တွေ့ရှိခဲ့ပြီးနော် ရောဂါလက္ခဏာဆိုးရွားသည့်လူနာ ၁၀ ဦးအထိဆေးကုသမှုခံယူခဲ့ရပြီး ၁ ဦးသေဆုံးခဲ့သည်ဟု ၎င်းကဆိုသည်။

 

လတ်တလောတွင် နေ့စဉ်အိုမီခရွန်မျိုးကွဲထပ်တိုးလူနာ ၂ သိန်းဦးအထိရှိနိုင်ပြီး နိုင်ငံတဝန်းပိုးကူးစက်ခံထားရသူဦးရေ၏ ၂၀ ရာခိုင်နှုန်းကျော်သည်ဟု ဗြိတိန်အမျိုးသားကျန်းမာရေးလုံခြုံရေးဗျူရို (UKHSA) မှခန့်မှန်းထားသည်။

 

နောက်ဆုံးကိန်းဂဏန်းအရ ဗြိတိန်တွင် အိုမီခရွန်မျိုးကွဲကူးစက်ခံထားရသူအတည်ပြုလူနာ ၅ ထောင်နီးပါး (၄,၇၁၃) ဦးရှိသည်ဟု ကျန်းမာရေးဝန်ကြီးကဆိုသည်။

 

အိုမီခရွန်ကိုအားဖြည့်ကာကွယ်ဆေးဖြင့်တားဆီးနိုင်မည်ဟုဗြိတိန်အာဏာပိုင်များကမျော်လင့်နေချိန်တွင်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် ကပြီးခဲ့သည့်ဒီဇင်ဘာ ၁၂ ရက်နေ့တွင် နိုင်ငံတဝန်းရှိအရွယ်ရောက်ပြီးသူအားလုံးကိုအားဖြည့်ကာကွယ်ဆေးထိုးနှံပေးမည့်စီမံချက်ကိုကြေညာခဲ့သည်။

 

 

တချိန်တည်းတွင် ဗြိတိန်ကျန်းမာရေးဝန်ကြီးက ကိုဗစ်ပတ်စပို့မူဝါဒကိုပြောင်းလဲကြေညာထားပြီး ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံထားရမည့်အပြင် အားဖြည့်ကာကွယ်ဆေးထိုးနှံထားသူ သို့မဟုတ် ဆေးစစ်အဖြေအနုတ်ပြသူများသာ အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများတွင်သွားလာနိုင်မည်ဟု ပြင်ဆင်သတ်မှတ်ထားသည်။

 

ထို့ပြင် အသက် ၁၂ နှစ်မှ ၁၅ နှစ်ရှိသူများကိုပါ ကိုဗစ်ပတ်စပို့တိုးချဲ့အသုံးပြုမည်ဖြစ်ပြီး ယင်းအသက်အရွယ်ရှိသူများသည် ကာကွယ်ဆေးအကြိမ်ရေပြည့်ထိုးနှံထားမှသာလျင် နိုင်ငံရပ်ခြားကိုခရီးထွက်နိုင်မည်ဟု သတ်မှတ်ထားသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS