12 May 2024

ထိုင်းနိုင်ငံတွင် ကိုဗစ်ရိုက်ခတ်မှုကြောင့် အလွန်ဆင်းရဲနွမ်းပါးသည့်ကျောင်းသူကျောင်းသားဦးရေ၁ သန်းကျော်ရှိလာ။

 

ထိုင်းနိုင်ငံတွင် အခမဲ့ပညာရေးစနစ်ကိုကျင့်သုံးနေသော်လည်း ၂၀၁၉ ပညာသင်နှစ်တွင် ကျောင်းမနေရ သည့် အသက် ၆ နှစ် မှ ၁၄ နှစ်အရွယ်ကလေးဦးရေ ၄ သိန်း ၃သောင်းဦး (၁၉.၄%) ရှိနေပြီး အလွန်ဆင်းရဲနွမ်းပါးခြင်းကြောင့် ကျောင်းထွက်နိုင်ခြေမြင့်မားသည့်ကျောင်းသူကျောင်းသားဦးရေ ၈ သိန်း ၄ သောင်းအထိရှိခဲ့သည်ဟု နယ်စွန်နယ်ဖျားကလေးများကိုအဓိကထားပြီး ပညာသင်စရိတ်ထောက်ပံ့ပေးသည့် ထိုင်းပညာရေးတန်းတူညီမျှရေးရန်ပုံငွေအဖွဲ့ ကဖော်ပြထားသည်။

 

အလွန်ဆင်းရဲနွမ်းပါးသည့်ကျောင်းသူကျောင်းသားဦးရေသည်ပညာသင်နှစ်တိုင်းတွင်မြင့်တက်လာနေသည်ကိုတွေ့ရသည်။ ၁/၂၀၁၈ ပညာသင်နှစ်တွင် ၆၂၀,၉၃၇ ဦး၊ ၂/၂၀၁၈ ပညာသင်နှစ်တွင် ၅၁၀,၀၈၃ ဦး၊ ၁/၂၀၁၉ ပညာသင်နှစ်တွင် ၇၁၁,၅၃၇ ဦး၊ ၂/၂၀၁၉ ပညာသင်နှစ်တွင် ၇၆၁,၇၂၉ ဦး၊ ၁/၂၀၂၀ ပညာသင်နှစ်တွင် ၉၉၄,၄၂၇ ဦး၊ ၂/၂၀၂၀ ပညာသင်နှစ်တွင် ၁,၁၇၄,၄၄၄ဦး၊ ၁/၂၀၂၁ ပညာသင်နှစ်တွင် ၁,၂၄၄,၅၉၁ ဦးရှိသည်ဟု ဖော်ပြထားသည်။

 

မိသားစုတစ်ဦးစီ၏လစဉ်ဝင်ငွေသည်ဆင်းရဲနွမ်းပါးမှုမျဉ်းဖြစ်သည့် ဘတ် ၃,၀၀၀ ထက်နည်းသော မိသားစုဝင်ကျောင်းသူကျောင်းသားကို ဆင်းရဲနွမ်းပါးသည့်ကျောင်းသူကျောင်းသားအဖြစသတ်မှတ်သည်။ ထိုင်းနိုင်ငံတွင်အခမဲ့ပညာရေးစနစ်ကိုကျင့်သုံးနေသော်လည်း ပညာရေးဆိုင်ရာအခြားကုန်ကျစရိတ်သည်မိသားစုဝင်ငွေ၏ ၂၂ ရာခိုင်နှုန်း သို့မဟုတ် ၄ ပုံ ၁ ပုံအထိမြင့်မားနေသည်ဟု ဆိုသည်။

 

မိသားစုတစ်ဦးစီ၏လစဉ်ပျမ်းမျှဝင်ငွေ ၁,၃၃၂ ဘတ်အောက်နည်းသောမိသားစုဝင်ကျောင်းသူကျောင်းသားကို အလွန်ဆင်းရဲနွမ်းပါးသောကျောင်းသူကျောင်းသားအဖြစ်သတ်မှတ်သည်ဟုဖော်ပြထားသည်။ကျောင်းသူကျောင်းသားတစ်ဦး၏ လမ်းစရိတ်မပါဝင်သော ပညာသင်နှစ် နှစ်ဝက်ကုန်ကျစရိတ်သည်၁,၁၉၅ ဘတ် မှ ၄,၈၂၉ ဘတ်တွင်ရှိသည်ဟု ဆိုသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS