3 May 2024

စစ်ပြီးသည့်အခါ ယူကရိန်းနိုင်ငံသားဖြစ်ခွင့်အပါအဝင် အခြားခံစားခွင့်များရရှိရန် ထိုင်းနိုင်ငံသားတချို့ စေတနာ့တပ်သား လျှောက်ထား။

ရုရှား-ယူကရိန်းစစ်ပြီးသည့်အခါ ယူကရိန်းနိုင်ငံသားဖြစ်ခွင့်အပါအဝင် အခြားခံစားခွင့်များရရှိရန်အတွက် ထိုင်းနိုင်ငံသားတချို့က အွန်လိုင်းကတဆင့် စေတနာ့တပ်သားလျှောက်ထားမှုတွေရှိနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဌာနီ စဲရတ် ကဆိုသည်။

လုပ်ခလစာနှင့်ပတ်သက်ပြီးဖော်ပြထားခြင်းမရှိဘဲ နီးစပ်ရာယူကရိန်းသံရုံးတွင်မေးမြန်ရန် ညွှန်ကြားထားသည်ဟု ပြောခွင့်ရသူက ဆိုသည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး အချက်အလက်မှန်ကန်မှုရှိမရှိ နိုင်ငံခြားရေးဝန်ကြီးဌာနက စစ်ဆေးနေပြီး ဆက်လက်အသိပေးသွားမည်ဟု ဆိုသည်။

ရုရှား၏ကျူးကျော်စစ်ကို ခုခံတွန်းလှန်ရန်အတွက် ယူကရိန်းသမ္မတက နိုင်ငံခြားသားများကို စေတနာ့တပ်သားလျှောက်ထားကြရန် ပြီးခဲ့သည့်ရက်ပိုင်းကဖိတ်ခေါ်ထားပြီး နီးစပ်ရာယူကရိန်းသံရုံးထံ ဆက် သွယ်နိုင်သည်ဟု ဆိုသည်။

တချိန်တည်းတွင် ထိုင်းနိုင်ငံအခြေစိုက်ယူကရိန်းသံရုံးက ယူကရိန်း၏ခုခံစစ်တွင်ပါဝင်တိုက်ခိုက်ရေးအတွက် နိုင်ငံခြားသားများကို ဖိတ်ခေါ်ထားသည့်ကြေညာချက်တစ်ခုကို ပို့စ်တင်ထားပြီး စိတ်ပါဝင်စားသူများအနေဖြင့် မိမိနေထိုင်ရာနိုင်ငံရှိယူကရိန်းသံရုံးတွင် ဆက်သွယ်နိုင်သည်ဟု ဖော်ပြထားသော်လည်းလုပ်ခလစာဖော်ပြထားခြင်းမရှိကြောင်း သိရသည်။

ယူကရိန်းစစ်မြေပြင်သို့ကိုယ်ပိုင်ကုန်ကျစရိတ်ဖြင့်ထွက်ခွာရမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁ ထောင် (ဘတ် ၃၃၀၀၀) ခန့်ကုန်ကျမည်ဟု ယူကရိန်းသံရုံးသို့ဆက်သွယ်မေးမြန်းလာသည့် ထိုင်းလူမျိုးများကိုပြန်လည်ဖြေကြားထားသည်ဟု သိရသည်။

ထို့ပြင် စစ်အတွေ့အကြုံရှိသူများကိုသာခေါ်ယူခြင်းဖြစ်သည်ဟု “ယူကရိန်းကြေးစားတပ်သား” ဂရုပ် က ဖော်ပြထားသည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS