2 May 2024

စီအိုင်စာအုပ်သက်တမ်းတိုးလိုသည့်သူများ Seven Eleven စတိုးဆိုင်တွင် ငွေပေးချေရမည် စီအိုင်စာအုပ် နှင့် ပြည်ပအလုပ်အကိုင်အလုပ်သမားကတ်ပြား ပျက်စီး ပျောက်ဆုံးသူများ ရဲစခန်းတွင်တိုင်ချက်ဖွင့်ပြီး သံရုံးတွင်ထောက်ခံချက်ယူရမည်

 

ထိုင်းနိုင်ငံတွင်ရောက်ရှိလုပ်ကိုင်နေသည့် အလုပ်သမားများအနက် အထောက်အထား မရှိသူ အလုပ်သမားများအား တရားဝင်နေထိုင်လုပ်ကိုင်နိုင်ရေးအတွက် ၃-၃-၂၀၁၇ ရက်နေ့မှ ၃၀-၆-၂၀၁၈ ရက်နေ့အထိ သက်တမ်း ၄ နှစ်ဖြင့် ထုတ်ပေးခဲ့သည့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – CI) စာအုပ်များသည် ၃-၃-၂၀၂၁ ရက်နေ့မှစ၍ ထုတ်ယူခဲ့သည့် နေ့ရက် များအလိုက် သက်တမ်းကုန်ဆုံးလျက်ရှိသဖြင့် သက်တမ်းတိုးထုတ်ပေး နိုင်ရေး ထိုင်းနိုင်ငံ နှင့် ညှိနှိုင်းဆောင်ရွက်ခဲ့မှုအရ စမုစခွန်၊ စမုပရာကန်၊ ချင်းမိုင်၊ ချွန်ဘူရီ၊ ရနောင်း ခရိုင်တို့တွင် CI သက်တမ်းတိုး စခန်း ၅ ခုကို ၁၀-၁-၂၀၂၂ ရက်နေ့မှ ၂၇-၇-၂၀၂၂ ရက်နေ့အထိ ဖွင့်လှစ်ဆောင်ရွက် သွားမည်ဖြစ်ပြီး CI သက်တမ်းတိုး လျှောက်ထားသူ အလုပ်သမားများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်းဖော်ပြထားသည်။

 

(က) မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (Certificate of Identity – CI) သက်တမ်းတိုးစာအုပ် ထုတ်ယူနိုင်ရန် ထိုင်းနိုင်ငံရှိ ငွေကြေးဝန်ဆောင်မှုကုမ္ပဏီ ဖြစ်သော Counter Service Co., Ltd နှင့် ချိတ်ဆက်ထားသည့် Seven Eleven ဆိုင်များတွင် လက်ရှိ CI စာအုပ် နံပါတ်ဖြင့် စာအုပ်ဖိုး ၃၀၀ ဘတ်နှင့် ပေးသွင်းခြင်း ဝန်ဆောင်ခ ၁၀ ဘတ်၊ စုစုပေါင်း ၃၁၀ ဘတ် ပေးသွင်းရမည်ဖြစ်ပါသည်။

 

( ခ) Seven Eleven ဆိုင်များသည် သက်တမ်းတိုးဆောင်ရွက်မည့်သူအား CI သက်တမ်းတိုး စာအုပ် ထုတ်ယူရမည့် စခန်းအမည်၊ သွားရောက်ဆောင်ရွက်ရမည့် နေ့ရက်၊ တိုကင်နံပါတ်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ပါဝင်သည့် ထိုင်း/အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားထားသော ငွေသွင်းပြေစာကို ပြန်လည် ထုတ်ပေးမည်ဖြစ်ပြီး ယင်းအချက်အလက်များကို အလုပ်သမား၏ လက်ကိုင်ဖုန်းသို့လည်း Message ပေးပို့သွားမည်ဖြစ်ပါသည်။ (အထူးသတိပြုရန်မှာ အလုပ်သမားများ အနေဖြင့် ငွေသွင်းပြေစာ၌ပါရှိသည့် နေ့ရက်အတိုင်း CI ထုတ်ပေးရေးစခန်းသို့ မပျက်မကွက် သွားရောက်ဆောင်ရွက်ရန်ဖြစ်ပါသည်။)

 

( ဂ) CI သက်တမ်းတိုးဆောင်ရွက်မည့်သူသည် Seven Eleven ကောင်တာမှ ထုတ်ပေး သည့် ပြေစာပါ နေ့ရက်တွင် သက်ဆိုင်ရာ CI စခန်းသို့ သွားရောက်၍ ကိုယ်ရေးမှတ်တမ်း ဖြည့်သွင်းခြင်း၊ CI စာအုပ်၊ နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုဇယားနှင့် ထိုင်းနိုင်ငံ၊ အလုပ်အကိုင်ဌာနမှ ထုတ်ပေးထားသည့် အထောက်အထား စာရွက်စာတမ်းများကို မိတ္တူကူး၍ လျှောက်ထားရမည်ဖြစ်ပြီး စခန်းရှိ တာဝန်ကျ ဝန်ထမ်းများမှ CI သက်တမ်းတိုးစာအုပ်နှင့် ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ်ပြား (Overseas Worker Identification Card – OWIC) ကို မှန်ကန်မှု ရှိ/မရှိ စိစစ်ထုတ်ပေးသွားမည် ဖြစ်ပါသည်။

 

(ဃ) CI သက်တမ်းတိုးစာအုပ်နှင့် OWIC ကတ် ရရှိပြီးအလုပ်သမားများသည် နေထိုင်ခွင့် (Visa) နှင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ပန်းရောင်ကတ်/ Work Permit) (မရရှိ သေးသူများသာ) ရရှိနိုင်ရေး CI သက်တမ်းတိုးထုတ်ပေးရေးစခန်းရှိ ထိုင်းနိုင်ငံ ဘက်မှဖွင့်လှစ်ထားသည့် ကောင်တာများသို့ဆက်လက် လျှောက်ထားဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

 

၂။ သက်တမ်းတိုးဆောင်ရွက်လိုသော်လည်း CI စာအုပ် ပျောက်ဆုံး/ ပျက်စီးလျက်ရှိသည့် အလုပ်သမားများအနေဖြင့် CI စာအုပ် ပျောက်ဆုံး/ ပျက်စီးကြောင်း တိုင်ကြားထားသည့် ထိုင်းရဲ တပ်ဖွဲ့၏ ထောက်ခံချက်၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး၏ ထောက်ခံချက်နှင့်အတူ သက်ဆိုင်ရာ CI စခန်းများသို့ လာရောက်လျှောက်ထားရမည်ဖြစ်ပြီး သက်ဆိုင်ရာ CI စခန်းများမှ ခွင့်ပြုချက် ရရှိ ချိန်တွင် CI စာအုပ်ပျောက်ဆုံး/ ပျက်စီးမှုအတွက် မူလစာအုပ်တန်ဖိုး ၃၀၀ ဘတ်၊ ဒဏ်ကြေး ၁၈၀ ဘတ်၊ စုစုပေါင်း ၄၈၀ ဘတ်အား စခန်းတာဝန်ရှိသူထံသို့ ပေးသွင်းရမည်။

 

၃။ CI သက်တမ်းတိုးစာအုပ်နှင့်အတူ OWIC ကတ် ထုတ်ယူပြီးနောက် OWIC ကတ် ပျောက်ဆုံး/ ပျက်စီး၍ လာရောက်လျှောက်ထားပါက OWIC ကတ် ပျောက်ဆုံး/ ပျက်စီးကြောင်း တိုင်ကြားထားသည့် ထိုင်းရဲတပ်ဖွဲ့၏ ထောက်ခံချက်၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး၏ ထောက်ခံ ချက်နှင့်အတူ သက်ဆိုင်ရာ CI စခန်းများသို့ လာရောက်လျှောက်ထားရမည်ဖြစ်ပြီး ဒဏ်ကြေး အပါအဝင် ဘတ် ၂၀၀ ကို စခန်း တာဝန်ရှိသူထံသို့ ပေးသွင်းရမည်။

 

၄။ CI သက်တမ်းတိုးထုတ်ပေးရေးစခန်းများတွင် အလုပ်သမားများအလွယ်တကူလျှောက်ထား ဆောင်ရွက်နိုင်ရန်နှင့် သတ်မှတ်နှုန်းထားထက်ပိုမိုကုန်ကျမှုမရှိစေရန် CI သက်တမ်းတိုးလျှောက် ထားသည့် အလုပ်သမားများအနေဖြင့် ပွဲစားများဖြင့်ဆောင်ရွက်ခြင်းမပြုဘဲ ကိုယ်တိုင် သွားရောက် ဆောင်ရွက်ရန် လိုအပ်ပါသည်။

 

၅။ CI သက်တမ်းတိုးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက အောက်ပါဖုန်းနံပါတ် များသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်-

(က) ဦးအောင်ကိုဇော် (အလုပ်သမားသံအရာရှိ-ဗန်ကောက်) 0948845484

( ခ) ဦးရဲလင်းထက် (အလုပ်သမားသံအရာရှိ-ရနောင်း) 0652206951

( ဂ) ဦးလင်းမြတ် (အလုပ်သမားသံအရာရှိ-ဗန်ကောက်) 0652206952

(ဃ) ဦးပြည့်ဖြိုးအောင် (အလုပ်သမားသံအရာရှိ-မဲဆောက်) 0652206953

( င) ဦးအောင်အောင် (အလုပ်သမားသံအရာရှိ-ချင်းမိုင်) 0990592352

( စ) CI သက်တမ်းတိုးထုတ်ပေးရေးစခန်း (စမုစခွန်) 0652055960, 0652055961

(ဆ) CI သက်တမ်းတိုးထုတ်ပေးရေးစခန်း (စမုပရာကန်) 0652055964, 0652055965

( ဇ) CI သက်တမ်းတိုးထုတ်ပေးရေးစခန်း (ချင်းမိုင်) 0652055968, 0652055969

( ဈ) CI သက်တမ်းတိုးထုတ်ပေးရေးစခန်း (ချွန်ဘူရီ) 0652055962, 0652055963

(ည) CI သက်တမ်းတိုးထုတ်ပေးရေးစခန်း (ရနောင်း) 0652055966, 0652055967

SHARE THIS NEWS

OTHER NEWS