27 April 2024

လာမည့်ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ကမ္ဘောဒီးယား MoU လုပ်သား ပထမအသုတ် ၂၂၆ ဦး ထိုင်းဝင်ရောက်လာမည်။

လာမည့်ဖေဖော်ဝါရီလ ၁ ရက်နေ့ (၂၀၂၂) တွင် စာကက်ယောက်နယ်စပ်မှတဆင့် ကမ္ဘောဒီးယား MoU လုပ်သား ပထမအသုတ် ၂၂၆ ဦး ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးစူချာ့ ချွမ်ကလင် ကဆိုသည်။

ထိုင်းနိုင်ငံအတွင်းဝင်ရောက်လာပြီးနောက် စာကက်ယောက်ခရိုင်ရှိ Organization Quarantine စင်တာတွင် ၇ ရက်ကြာကွာရန်တင်းဝင်ကြရမည်ဟု ဆိုသည်။

လုပ်သားများကိုလက်ခံမည့် ပုဂ္ဂလိကကွာရန်တင်းစင်တာတွင် အခန်း ၂၀၀ ရှိပြီး လုပ်သား ၅၀၀ ဦးအထိလက်ခံနိုင်ကာ ၇ ရက်ကျူဝင်စရိတ်မှာ ၈,၅၀၀ ဘတ်ရှိသည်ဟု ထိုင်းအလုပ်အကိုင်ရှာဖွေရေးညွှန်ကြားရေးမှူးချုပ် ဖိုင်ရို့ ချိုတိစထီးယန်း ကဆိုသည်။

နေရပ်နိုင်ငံတွင် ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံထားသော အဆိုပါလုပ်သားများသည် ကိုဗစ်-၁၉ အာမခံဝယ်ယူရမည်ဟု သတ်မှတ်ထားသည်။

ကာကွယ်ဆေးအကြိမ်ရေပြည့်အောင်ထိုးနှံထားခြင်းမရှိသော လုပ်သားများအတွက် ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ကာကွယ်ဆေးစီစဉ်ပေးပြီး ကျူဝင်နေစဉ် ထိုးနှံပေးမည်ဟု ဆိုသည်။

ယင်းလုပ်သားများအနက် ၂၂၀ ဦးသည် ချွန်ဘူရီခရိုင်တွင်အလုပ်လုပ်ကိုင်ရန်ဖြစ်ပြီး ၆ ဦးမှာ အယုဒ္ဓယခရိုင်တွင် အလုပ်လုပ်ကိုင်ရန်ဖြစ်သည်ဟု သိရသည်။

မြန်မာနှင့်လာအို MoU လုပ်သားများကို ခေါ်ယူနိုင်ရေးအတွက် မိခင်နိုင်ငံအစိုးရအသီးသီးကအပြီးသတ်ဆောင်ရွက်နေဆဲဖြစ်ပြီး အဆင်သင့်ဖြစ်သည်နှင့်တပြိုင်နက် ခေါ်ယူမည်ဟု ဆိုသည်။

လုပ်သားရှားပါးမှုပြဿနာကိုဖြေရှင်းနိုင်ရန်ရည်ရွယ်ချက်ဖြင့် အိမ်နီးချင်းသုံးနိုင်ငံမှ MoU လုပ်သားများ ကို အမြန်ဆုံးခေါ်ယူနိုင်ရေးအတွက် ထိုင်းအစိုးရက ဒီဇင်ဘာ ၁ ရက်နေ့ (၂၀၂၁) ကတည်းက အလုပ် ခေါ်စာ (Demand) စတင်လက်ခံခဲ့သည်ဟု သိရှိရသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS