26 April 2024

ခရိုင်တစ်ခုချင်းစီတွင် ထုတ်လုပ်မှုကုန်ကျစရိတ်ကွဲပြားခြင်းကြောင့် တစ်နိုင်ငံလုံးတွင် အခြေခံလုပ်ခလစာတန်းတူသတ်မှတ်ပေးရန် မဖြစ်နိုင်ဟု ထိုင်းစက်မှုလက်မှုအသင်းဉက္ကဋ္ဌ ဆို။

ထိုင်းအလုပ်သမားပြန်လည်သင့်မြတ်ရေးအသင်းနှင့်ထိုင်းအစိုးရပုဂ္ဂလိကအလုပ်သမားသမဂ္ဂတို့ပူးပေါင်းပြီး တစ်နိုင်ငံလုံးရှိခရိုင်အားလုံးကို အခြေခံလုပ်အားခ ၄၉၂ ဘတ် တန်းတူသတ်မှတ်ပေးရန် ထိုင်းအလုပ်သမားဝန်ကြီး စူချတ် ချွမ်ကလင်ထံ တောင်းဆိုရာတွင် အခြေခံလုပ်အားခကို မဖြစ်မနေတိုးပေးမည်ဟု ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။

သို့သော် ၄၉၂ ဘတ်တိုးပေးရန် ဖြစ်နိုင်ခြေနည်းပါးကြောင်း၊ လုပ်အားခမြင့်မားလွန်း၍ စက်ရုံအလုပ်ရုံးများရပ်ဆိုင်ရမည်ကိုစိုးရိမ်ကြောင်း၊ ခရိုင်တစ်ခုစီတွင် အစိုးရ၊ အလုပ်ရှင်ကိုယ်စားလှယ်၊ အလုပ်သမားကိုယ်စားလှယ် သုံးပွင့်ဆိုင်အကျေအလည်ဆွေးနွေးပြီး သင့်တော်သည့်ကိန်းဂဏန်းကို ညှိနှိုင်းကြရန် ညွှန်ကြားထားသည်။

အလုပ်ရှင်များသည်လည်း ပြီးခဲ့သည့် ၃ နှစ်တာကာလအတွင်း ကိုဗစ်-၁၉ ရိုက်ခတ်မှုဒဏ်ကို အလုပ်သမားများနည်းတူ အလူးအလဲခံခဲ့ရကြောင်း၊ စီးပွားရေးတိုးတက်မှုကျဆင်းနေပြီး ခက်ခဲသည့်အခြေအနေတစ်ခုနှင့်ရင်ဆိုင်နေရကြောင်း စသည့်အကြောင်းရင်းများကြောင့် ၄၉၂ ဘတ်ပေးရန် ဖြစ်နိုင်ခြေနည်းပါးသည်ဟု ထိုင်းအလုပ်ရှင်များအသင်းမှပြန်လည် တုံ့ပြန်ထားသည်။

ခရိုင်တစ်ခုချင်းစီတွင် ထုတ်လုပ်မှုကုန်ကျစရိတ်မတူညီခြင်းကြောင့် ခရိုင်အားလုံးကိုတစ်သမတ်တည်းသတ်မှတ်ပေးရန် မသင့်တော်ကြောင်း ထိုင်းနိုင်ငံစက်မှုလက်မှုအသင်းဉက္ကဋ္ဌ စူဖန် မင်္ဂလာသုဒိ ကဆိုသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS