26 April 2024

ကရင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တွင် ထိုင်းထုတ် Hot Dog အတုစားပြီးနောက် အစာအဆိပ်သင့်၍ ကလေးငယ် ၁ ဦးသေဆုံး၊ ကလေးတချို့ဆေးရုံတင်ရ။

ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ ထိုင်းနိုင်ငံထုတ် Hot Dog တွေစားမိပြီး အစာအဆိပ်သင့်လို့ ကလေးငယ် ၁ ဦး သေဆုံးသွားကာ ကလေးငယ်အချို့ ဆေးရုံတင်ထားရတယ်လို့ ဒေသခံထံမှသိရှိရကြောင်း ဒီဗီဘီတသင်းဌာနကဖော်ပြထားတယ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့နယ် ရပ်ကွက် ၁ မှာ ဖေဖော်ဝါရီ ၇ ရက် ညနေ ၄ နာရီလောက်က ထိုင်းနိုင်ငံထုတ် Hot Dog ချောင်းစားမိလို့ အစာအဆိပ်သင့်ကာ အော့အန်လာ တာကြောင့် ကလေးငယ် ၉ ဦးကို မြို့နယ်ဆေးရုံတင်လိုက်ရပြီး ၂ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးသွားတယ်လို့ ဆက်လက်ဖော်ပြထားပါတယ်။

 

 

“ကလေးတွေက ကစားဖော်ကစားဖက် သူငယ်ချင်းတွေပါ။ Hot Dog ချောင်းကိုစုပြီး ကြော်စားကြတာ။ စားပြီးချင်း ဘာမှမဖြစ်သေးပဲ ခဏကြာတော့ အော့အန်ပြီး နှုတ်ခမ်းတွေ ပြာလာလို့ အရေးပေါ်ကား ခေါ်ပြီး ဆေးရုံတင်လိုက်ရတယ်” လို့ ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောတယ်လို့ ဖော်ပြထားပါတယ်။

ကလေး ၉ ယောက်က အရွယ်စုံတွေဖြစ်ကာ အဲဒီထဲက ၂ နှစ်အရွယ် မိန်းကလေးတစ်ဦးကတော့ ဆုံးသွားပြီး နောက်တယောက်ကိုတော့ အောက်ဆီဂျင် ပေးထားရတယ်လို့ ဆိုပါတယ်။

 

ဘုရားသုံးဆူမြို့နယ် ဆေးရုံသူနာပြုဆရာမတဦးက “ကလေး ၉ ယောက်တော့ မနေ့က ရောက်လာတယ်။ တစ်ယောက်ကတော့ ဆုံးသွားတယ်။ ကလေးတွေကတော့ သက်သာလာပြီ” လို့ ပြောပါတယ်။

အလားတူ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ဝမ်ဟိုင်းအုပ်စု တွန်ခေါ့ကျေးရွာက မိသားတစ်စုလည်း ထိုင်းကလာတဲ့ အသားချောင်း (Hot Dog) စားသုံးပြီး ရင်ပူတာ၊ အသက်ရှူကြပ် တာတွေ ဖြစ်လာလို့ မနေ့ညက လားရှိုးးဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သီပေါလူငယ် လူမှုကူညီရေးအသင်းက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့ည ၁၀ နာရီလောက်က သူတို့ကိုယ်တိုင် ကျနော်တို့ဆီ ရောက်လာတာ။ အမေနဲ့ ကလေး ၃ ယောက်၊ ရင်ပူတယ်၊ ဗိုက်လည်းပူတယ်၊ ပြီးတော့ အသက်ရှူကြပ်တယ်ပြောလို့ ကျနော်တို့ အသင်းက လားရှိုးဆေးရုံကြီးကို ပို့ပေးခဲ့ပါတယ်။ ဒီမတိုင်ခင် ညတုန်းက အသားချောင်းတွေ စားခဲ့တယ်လို့ ပြောတယ်။ အစာအဆိပ်သင့်တယ်လို့ ယူဆပါတယ်။ ဆေးရုံရောက်ပြီဆိုတော့ အသက်အန္တရာယ် မစိုးရိမ်ရတော့ပါဘူး။”

အဆိုပါမိသားစုဟာ အသားလုံးနဲ့အသားချောင်းတွေ ကြော်ရောင်းတာဖြစ်ပြီး သူတို့မိသားစုအပြင် လာဝယ်စားတဲ့ တခြားသူတွေလည်း နေမကောင်းသလိုဖြစ်ပေမယ့် အခြေအနေမဆိုးတာကြောင့် ဆေးရုံတင်ရတဲ့အဆင့်မရောက်ဘဲ ကိုယ့်ဘာသာကိုယ်ဆေးမြီးတိုနဲ့ ကုကြတယ်လို့ ဆိုပါတယ်။

သီပေါဒေသခံ နောက်တစ်ဦးကလည်း သူတို့ဆီမှာ ထိုင်းကလာတဲ့ ဝက်သားချောင်း၊ ကြက်သားချောင်း၊ အသားလုံးတွေ အရင်ကလည်း စားသုံးနေကျဖြစ်လို့ ဘာမှမဖြစ်ကြောင်းနဲ့ အခုဖြစ်သွားတာက သက်တမ်းလွန်အစာတွေ ဖြစ်နိုင်တယ်လို့ ပြောပါတဲ့အကြောင်း ဆက်လက်ဖော်ပြထားပါတယ်။

 

တစ်ဖက်မှာ ထိုင်းသတင်းဌာနတွေကလည်း ထိုင်းထုတ်အသားချောင်းအတုစားမိတာကြောင့်မြန်မာနိုင်ငံဘက်က ကလေးသူငယ်တွေအစာအဆိပ်သင့်တဲ့သတင်းကိုလိုက်နေတယ်လို့သိရပါတယ်။

အဆိုပါသတင်းနဲ့ပတ်သက်ပြီး ထိုင်းမီဒီယာတစ်ခုဖြစ်တဲ့ PPTV ရုံသံဌာနကMyanmar Live ကွင်းဆင်းသတင်းထောက် ကိုချစ် ထံဆက်သွယ်လာပြီး အသေးစိတ်မေးမြန်းစုံစမ်းထားတယ်လို့

သိရပါတယ်။

SHARE THIS NEWS

OTHER NEWS