9 May 2024

ရုရှားရဲ့ ယူကရိန်းအပေါ် ထိုးစစ်ဆင်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရုရှားပြည်သူတွေဟာ သတင်းအမှား တွေသာ ရိုက်သွင်းခံနေရတယ်လို့ ကာလီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မင်းသားကြီး အာနိုး ရှဝါဇင်နက်ဂါက ကြာသပတေးနေ့မှာ ပြောဆိုလိုက်ပြီး ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို တိုက်ပွဲရပ်ဖို့ ပန်ကြားခဲ့တယ်လို့ အကုန်သိသတင်းဌာနကဖော်ပြထားပါတယ်။

ယူကရိန်း နာဇီဝါဒသုတ်သင်ဖို့အတွက် ကျူးကျော်ရခြင်းဖြစ်တယ်လို့ ပြောဆိုခြင်းဖြင့် ကရင်မလင်ဟာ ရုရှားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ လိမ်လည်နေတယ်လို့ ဟောလိဝုဒ်နာမည်ကျော်မင်းသားကြီးက တွစ်တာမှာတင်ခဲ့တဲ့ ကိုးမိနစ်စာ ဗီဒီယိုပို့စ်အတွင်း ပြောဆိုခဲ့ပါတယ်။ ရုရှားဟာ ၎င်းရဲ့ လုပ်ဆောင်ချက် တွေကို အထူးစစ်ဆင်ရေးအဖြစ် ပုံဖော်ထားခဲ့တာဖြစ်ပါတယ်။

“ဒီစစ်ပွဲကို ယူကရိန်းက စခဲ့တာ မဟုတ်သလို၊ အမျိုးသားရေးဝါဒီ၊ နာဇီဝါဒီလည်း မဟုတ်ခဲ့ပါဘူး”လို့ သူက ဆိုခဲ့ပြီး ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လင်စကီးဟာ ဂျူးလူမျိုးဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။ ဒါ့အပြင် “ဒီစစ်ပွဲက ရုရှားပြည်သူတွေရဲ့ စစ်ပွဲ မဟုတ်ဘူး” လို့လည်း သူက ပြောဆိုခဲ့ပါတယ်။

ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဥရောပရဲ့ အကြီးဆုံး ကျူးကျော်စစ်မှာ ယူကရိန်း မြို့ကြီးတွေ ထိခိုက် ပျက်စီးနေလျက်ရှိကာ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် ၃ သန်းကျော် ရှိနေ ခဲ့ပါပြီ။ ရုပ်သံမီဒီယာလိုင်းနဲ့ ဝက်ဘ်ဆိုက်များစွာကို ရုရှားအစိုးရက ဖြတ်တောက်ပစ်ခဲ့တာကြောင့် ရုရှားမှာ ဒီစစ်ပွဲနဲ့ ပတ်သက်ပြီး သိရှိသူ ဘယ်လောက်များများရှိနေလဲဆိုတာ ရှင်းလင်းစွာ မသိရပါဘူး။

“လူသား ကပ်ဆိုး” ကျနေပုံနဲ့ အကြောင်း ကမ္ဘာကို ဖြန့်ဖို့ ရုရှားလူထုကို အာနိုးက တောင်းဆိုခဲ့ပြီး ရုရှား ဆန္ဒပြသူတွေကို ကမ္ဘာကြီးက စောင့်ကြည့်နေပါတယ်လို့ ဆိုခဲ့ပါတယ်။ “ခင်ဗျားတို့ရဲ့ ရဲရင့်မှုကို ကမ္ဘာက မြင်တွေ့ခဲ့ပြီးပါပြီ၊ ခင်ဗျားတို့ ရဲစွမ်းသတ္တိရဲ့ အကျိုးဆက်ကို ကျနော်တို့တွေ ခံစားမိပါတယ်၊ ခင်ဗျားတို့က ကျနော်ရဲ့ သူရဲကောင်းအသစ်တွေပါ” လို့ သူက ဆိုခဲ့ပါတယ်။

အသက် ၇၄ နှစ်အရွယ် ရီပတ်ဘလီကင်တစ်ဦးဖြစ်တဲ့ အာနိုးက ကျူးကျော်မှုကို ရပ်တန့်လိုက်ဖို့ ပူတင်ကို တောင်းဆိုခဲ့ပြီး သူတို့ခေါင်းဆောင်တွေရဲ့ အလိမ်အညာတွေအောက်မှာ ရုရှားစစ်သား ထောင်ချီ သေဆုံး ခဲ့ရပြီဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

“မင်းတို့ရဲ့ အသက်တွေ၊ ခြေလက်အင်္ဂါတွေ၊ အနာဂတ်တွေကို အသိညဏ်မဲ့တဲ့ စစ်ပွဲတစ်ခုအတွက် စတေးလိုက်ရပြီ” လို့ ရုရှားစစ်သားတွေကို သူက ပြောဆိုခဲ့ပြီး သြစတြေးလျ စစ်သားတစ်ဦးဖြစ်တဲ့ သူ့ဖခင်ဟာလည်း ဒုတိယကမ္ဘာစစ်အတွင်း အလားတူတွေ့ကြုံခဲ့ရတယ်လို့ ဆက်လက်ဖော်ပြထားပါတယ်။

ပလာတူး

SHARE THIS NEWS

OTHER NEWS