3 May 2024

အတောမသတ်နိုင်သည့် ကိုဗစ်-၁၉ ဗီဇပြောင်းလဲမှုကြောင့် အာမခံထားငွေ ဘတ် ၉.၉ ဘီလျံပေးလျော်ခဲ့ရပြီးနောက် ကျားကန်မထားနိုင်တော့၍ ၇၆ နှစ်တိုင်တိုင်ရပ်တည်လာသည့် ထိုင်းနာမည်ကြီး အာမခံ လုပ်ငန်းစု အပြီးတိုင်ပိတ်သိမ်း။

အတောမသတ်နိုင်သည့် ကိုဗစ်-၁၉ ဗီဇပြောင်းလဲမှုကြောင့် ကိုဗစ်-၁၉ အာမခံဝယ်သူထားသူများအား အာမခံထားငွေ ဘတ် ၉.၉ ဘီလျံပေးလျော်ခဲ့ရပြီးနောက် ၇၆ နှစ်ကြာရပ်တည်ခဲ့သည့် ထိုင်းနာမည်ကြီးအာမခံလုပ်ငန်းစုတစ်ခုဖြစ်သော အာခနေအာမခံလုပ်ငန်း (SOUTHEAST Insurance)သည် အပြီးတိုင် လုပ်ငန်းပိတ်သိမ်းလိုက်သည်ဟု ယနေ့ (ဇန်နဝါရီ ၂၆) မနက်တွင် ထိုင်းစတော့အပ်ချိန်း (SET Thailand) ထံ စာပို့အကြောင်းကြားခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့်နှစ်တွင် ပြည်သူ ၁.၈ သန်းဦးအား ကိုဗစ်-၁၉ အာမခံရောင်းချခဲ့ပြီး အကြမ်းအားဖြင့် ပရီမီယံကြေး တစ်ဦးလျင် ဘတ် ၅၀၀ ဖြင့်တွက်ကြည့်လျင် ကုမ္ပဏီမှကိုဗစ်အာမခံရောင်းရငွေ ဘတ်သန်း ၉၀၀ ရရှိမည်ဖြစ်သော်လည်း ထိုင်းနိုင်ငံအပါအဝင် ကမ္ဘာတဝန်းတွင် ကိုဗစ်-၁၉ အတော သတ်သွားခြင်းမရှိဘဲ ဆင့်ပွားဗီဇပြောင်းလဲခြင်းဖြစ်စဉ်ကြောင့် ကုမ္ပဏီဉက္ကဋ္ဌမှ အာမခံထားငွေ ဘတ် ၉.၉ ဘီလျံကို အိတ်ဆိုက်ပေးလျော်ခဲ့ရပြီးနောက် ဆက်လက်လုပ်ကိုင်လျင် ထိခိုက်နိုင်ခြေမြင့်မား သည်ဟု သုံးသပ်၍ အပြီးတိုင်လုပ်ငန်းရပ်ဆိုင်းရန်ဆုံးဖြတ်ခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ ပေးလျော်ငွေသည် ဝင်ငွေထက် ၁၀ ဆမြင့်မားနေပြီး ကုမ္ပဏီမှထပ်မံပေးလျော်ရမည့်ငွေပမာဏသည် ကုမ္ပဏီ၏မတ်တည်ရင်းနှီးငွေ ဘတ် ၂ ဘီလျံထက်မြင့်မားနေ၍ ဂီယာဖြုတ်ခဲ့ရသည်ဟု ဆိုသည်။

ကုမ္ပဏီပိတ်သိမ်းပြီးနောက်တွင် ရောင်းချထားသည့် အာမခံပေါ်လစီများကို ထိုင်းအထွေထွေအာမခံလုပ်ငန်းကွပ်ကဲရေးနှင့်ဖွံ့ဖြိုးရေးကော်မရှင်ထံပြန်လည်အပ်နှံမည်ဟု သတင်းထွက်နေပြီး အခြားအာမခံလုပ်ငန်းတစ်ခုကိုလွှဲပြောင်းပေးမည်ဟုလည်း ထင်ကြေးပေးခံနေရသည်။

နောက်ဆုံးရအချက်အလက်အရ အာခနေအာမခံကုမ္ပဏီတွင် ကိုဗစ်-၁၉ အာမခံဝယ်ယူထားသူ(၁.၈ သန်းခွဲကျော်) ၁,၈၅၁,၉၂၁ ဦးရှိပြီး အခြားအာမခံအမျိုးမျိုးဝယ်ယူထားသူ ၉ သန်းနီးပါး (၈,၆၂၉,၀၃၆) ရှိသည်ဟု သိရသည်။

တဆက်တည်းတွင် အာခနေနှင့်လုပ်ငန်းတွဲလုပ်နေသည့် ကားဝပ်ရှော့လုပ်ငန်း၊ ဆေးရုံ နှင့် အရောင်းကိုယ်စားလှယ် စုစုပေါင်း ၉ ထောင်ဦး အထိရှိသည်ဟု သိရသည်။

ထို့ပြင် အာခနေလုပ်ငန်းစုတွင် ဝန်ထမ်းပေါင်း ၁,၃၉၆ ဦးဖြင့်လုပ်ငန်းလည်ပတ်နေသည်ဟု လေ့လာသိရှိရသည်။

အာခနေအာမခံလုပ်ငန်းသည် ထိုင်းရာမ (၇) ဘုရင်လက်ထက်တွင် လုပ်ငန်းစတင်ခဲ့ပြီး ပထမဆုံးအာမခံဝယ်ယူသူမှာ ရာမ (၇) ဘုရင်၏မိဖုရားခေါင်ကြီးဖြစ်သည်ဟု သိရသည်။

၇၆ နှစ်ကြာလုပ်ငန်းလည်ပတ်ခဲ့ပြီးနောက် အရင်းအနှီးငွေဘတ် ၂ ဘီလျံထိရှိလာပြီး နှစ်စဉ်ပရီမီယံကြေး ဘတ် ၁၀ ဘီလျံအထိ ရောင်းချခွင့်ရှိသည့်လုပ်ငန်းကြီးတစ်ခုဖြစ်သည်ဟု သိရှိရသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS