27 April 2024

မြို့တော်ဗန်ကောက် ပါခလောင်တလာပန်းဈေးတွင် ကန့်သတ်အလုပ်အကိုင်များကို တရား မဝင်လုပ်ကိုင်နေသောလုပ်သားများအား ထိုင်းအလုပ်အကိုင်ညွှန်ချုပ် ကွင်းဆင်းစစ်ဆေး။

ထိုင်းအလုပ်သမားဝန်းကြီး စူချတ် ချွမ်ကလင်၏ နိုင်ငံခြားသားများကိုလုပ်ကိုင်ခွင့်မပြုသောကန့်သတ်အလုပ်အကိုင်များကို လုပ်ကိုင်နေသောလုပ်သားများအား နှိမ်နင်းရေးမူဝါဒအရ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ထိုင်းအလုပ်အကိုင်ရှာဖွေရေးညွှန်ကြားရေးမှူးချုပ် ဖိုင်ရို့ ချိုတီစထီယန်း ဦးဆောင်ပြီး မြို့တော်ဗန်ကောက်ရှိ ပါခလောင်တလာပန်းဈေးကို ကွင်းဆင်းစစ်ဆေးခဲ့သည်ဟု (Thai Pbs) ထိုင်းပြည်သူ့ဝန်ဆောင်သတင်းဌာနက ဖော်ပြထားသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လုပ်ငန်းခွင် ၇ နေရာကိုစစ်ဆေးခဲ့ပြီး ၃ နေရာရှိ အလုပ်သမား ၇ ဦးမှာ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိကြောင်းတွေ့ရှိရကာ တွန်းလှည်းဖြင့်ကန့်သတ်အလုပ်အကိုင်လုပ်ကိုင် နေသောနိုင်ငံခြားလုပ်သား ၇ ဦး စုစုပေါင်း တရားမဝင်လုပ်သား ၁၄ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်ဟု ဖော်ပြ ထားသည်။

ဖမ်းဆီးခံရသောအလုပ်သမားများကို ထိုင်းဉပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်အတွက် ဖရာ့ရတ်ချဝမ် စည်ပင်သာယာရဲစခန်း စုံစမ်းစစ်ဆေးရေးအရာရှိထံ အပ်နှံထားသည်ဟု ဖော်ပြထားသည်။

 

 

ထိုင်းနိုင်ငံတွင် တရားမဝင်အလုပ်လုပ်ကိုင်ခြင်း နှင့် ကန့်သတ်အလုပ်အကိုင်လုပ်ကိုင်ခြင်းသည် ငွေဒဏ် ဘတ် ၅ ထောင် မှ ၅ သောင်း ဒဏ်တပ်ခံရနိုင်သည့်အပြင် နေရပ်ပြန်ပို့ခံရမည်ဖြစ်ကာ ထိုင်းနိုင်ငံသို့လာ ရောက်လုပ်ကိုင်ခွင့် ၂ နှစ်ကြာ ပိတ်ပင်ခံရမည်ဟု ဖော်ပြထားသည်။

 

ထို့ပြင် တရားမဝင်လုပ်သားများကို အလုပ်ငှားရမ်းထားသောထိုင်းအလုပ်ရှင်များသည် အလုပ်သမား တစ်ဦးလျှင် ဒဏ်ငွေ ဘတ် ၁ သောင်း မှ ၁ သိန်းအထိ ချမှတ်ခံရနိုင်ပြီး ထပ်မံကျူးလွန်ခဲ့လျှင် လုပ်သားတစ်ဦးအတွက် (၁) နှစ်ထက်မပိုသောထောင်ဒဏ် သို့မဟုတ် ငွေဒဏ် ဘတ် ၅ သောင်းမှ ဘတ် ၂ သိန်း သို့မဟုတ် နှစ်ရပ်စလုံးချမှတ်ခံရနိုင်ပြီး နိုင်ငံခြားလုပ်သားအလုပ်ငှားရမ်းခွင့် (၃) နှစ်ပိတ်ပင်ခံရ မည်ဟု ဖော်ပြထားသည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS