14 May 2024

ဆီဖြည့်ပေးနေရင်းကားတိုက်ခံရတဲ့မြန်မာအမျိုးသမီးဘယ်ဘက်ခြေထောက်ဖြတ်လိုက်ရပြီးညာဘက်ခြေထောက်စတီးရိုးထည့်ထားရ !!

မတ်လ ၂၃ ရက်နေ့က ဗန်ကောက်မြို့ ဘန်ခွန်ထီယန်မြို့နယ်၊ ဘန်ခွန်ထီယန် ၁၄ လမ်း၌ ဖြစ်ပွားခဲ့တဲ့ ဆီဆိုင်မှာ ဆီဖြည့်နေတဲ့ ကားကို အသစ်စက်စက် CarShowroom ကထွက်လာတဲ့ ကားက ဝင်တိုက်မှု ဖြစ်စဉ်မှာ ယနေ့ မတ်လ ၂၅ ရက်နေ့နောက်ဆုံးသတင်းအရ ဆီဆိုင်တွင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီးတစ်ဦးဟာ ဆီပေးစက်နှင့် ကားကြားမှာ ညပ်ပြီး ဘယ်ဘက်ခြေထောက်မှာ အသားအကြေသွားပြီး ဖြတ်တောက်ခဲ့ရကာ ညာဘက်ခြေထောက်လည်း ကျိုးသွားခဲ့တာကြောင့် စတီးရိုးထည့်ထားခဲ့ရတယ် လို့သိရပါတယ်။

ကားတိုက်ခံခဲ့ရပြီး ဘယ်ဘက်ခြေထောက် တစ်ဖက်ဆုံးရှုံးပြီး ညာဘက်ခြေထောက်စတီးရိုးထည့်ခဲ့ရတဲ့အတွက် ကာယကံရှင်ဟာ ဆေးရုံမှာ သတိပြန်ရရချင်း စိတ်ဓာတ်ကျကာ ထမင်းလည်းမစားဘဲ တစ်နေကုန် ငိုနေတယ်လို့သိရပါတယ်။

ဆီဆိုင်ပိုင်ရှင်က “ အခုကားတိုက်ခံခဲ့ရတဲ့ မြန်မာအလုပ်သမား အမျိုးသမီးက ကျွန်တော့်ထံမှာ အလုပ်လုပ်နေတာ ၁၀ နှစ်ကျော်နေပါပြီ အကျင့်စာရိတ္တကောင်းမွန်ပြီး အလုပ်လည်း အရမ်းကြိုးစားသူ တစ်ယောက်ပါ။ အခု သူ့ခြေထောက်တစ်ဖက်ဆုံးရှုံးသွားရတဲ့အပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပါရှိလာနိုင်တယ်။ ကားပိုင်ရှင်အနေနဲ့ အာမခံနဲ့ နစ်နာကြေးပေးတဲ့အပြင် ကျန်တဲ့ တာဝန်ယူမှုတွေကိုပါ ထည့်သွင်းစဉ်းစားဖို့လိုတယ်လို့ ကျွန်တော့်အနေနဲ့ပြောချင်ပါတယ်”

လက်ရှိမှာ လူနာကို မလိဆေးရုံကြီးမှာ တင်ထားပြီးကုသမှုပြုလုပ်ပေးနေတယ်လို့သိရပါတယ်။ လူနာရဲ့ ဘယ်ဘက်ခြေထောက်ဟာ အသားတွေ ကြေမွသွားတာကြောင့် ခြေထောက်ဖြတ်လိုက်ရပြီး ညာဘက်ခြေထောက်ကိုတော့ စတီးရိုးထည့်ပြီး ကုသထားရတယ်လို့သိရပါတယ်။

SHARE THIS NEWS

OTHER NEWS