28 April 2024

သြဂုတ် ၂ ရက်၊ ၂၀၂၂

ထိုင်းဝင်လာတဲ့လမ်းမှာအောက်စီဂျင်ပြတ်လို့အသက်သေဆုံးသွားတဲ့ မြန်မာအမျိုးသမီး ၂ ယောက်ရဲ့အလောင်းကိုတောထဲမှာစွန့်ပစ်ထားပြီး လူကုန်ကူးတဲ့အသက် ၃၈ နှစ်ရှိ မြန်မာပွဲစားကို ဖမ်းဆီးလိုက်ပြီလို့ ထိုင်းမှုခင်းနှိမ်နှင်းရေးဌာနရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာဖော်ပြထားပါတယ်။

ဖြစ်စဥ်ကတော့ အမျိုးသမီး ၂ ဦးရဲ့အလောင်းကို ထိုင်းနိုင်ငံ ချိုင်းနာ့ခရိုင်၊ မနိုရုမ်းမြို့နယ် လမ်းဘေးရှိတောထဲတနေရာမှာပြောင်းဖူးစေ့တွေကိုတင်လာတဲ့ ထိုင်းကားသမားကသွားရောက်စွန့်ပစ်ထားခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် သွားရောက်စွန့်ပစ်တဲ့သူကို ထိုင်းရဲတွေကသဲလွန်စရလာပြီး၊ မြန်မာနိုင်ငံနဲ့ဗန်ကောက်ကို ပြောင်းဖူးစေ့တင်ပို့တဲ့ ကုန်တင်ကားသမားဖြစ်ပါတယ်။ ပြောင်းဖူးစေ့တွေကိုတင်ပို့တဲ့အခေါက်တိုင်း တရားမဝင်မြန်မာတွေအနည်းဆုံး ၁၀ ဦး၊ ပုန်းနေခိုင်းပြီး ထိုင်းနိုင်ငံအတွင်းပိုင်းကိုခေါ်လာပါတယ်။ ဒီတစ်ကြိမ်မှာတော့ မြန်မာအမျိုးသမီး ၂ ဦးသေဆုံးသွားလို့ အလောင်းကိုအစဖျောက်ဖို့ တောထဲမှာစွန့်ပစ်ထားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ မြန်မာအမျိုးသမီး ၂ ယောက်မှာ အသက် ၂၀-၂၅ နှစ်ကြားဖြစ်ပါတယ်။ တောထဲမှာ မောက်လျက်အနေအထားဖြင့်စွန့်ပစ်သွားတာပါ။ သေဆုံးနေတဲ့အလောင်းကိုတော့ ဘာဒဏ်ရာဒါဏ်ချက်မှ မရှိဘူးလို့သိရပါတယ်။ ဒါပေမဲ့ ဆံပင်နဲ့ဝတ်ထားတဲ့အဝတ်အစားတွေမှာ ပြောင်းဖူးစေ့တွေကပ်ပါလာတယ်လို့ ထိုင်းသတင်းတွေကဖော်ပြထားပါတယ်။

သေဆုံးသူမှာ သက်သေခံစာရွက်စာတမ်းတွေမတွေ့ရသလို၊ လွန်ခဲ့တဲ့ ၂ ရက်ကတည်းကသေဆုံးနေတာလို့ခန့်မှန်းထားကြပါတယ်။ သေဆုံးသူတွေရဲ့အနားမှာတော့ ဆယ်ဘီးကား ဘီးနေရာတွေ တွေ့ရတယ်။

ထိုနောက်မှာတော့ ပြောင်းဖူးစေ့တင်လာတဲ့ ကုန်တင်ကားကြီးက လာရောက်စွန့်ပစ်ထားတာဖြစ်မယ်လို့ ထိုင်းအာဏာပိုင်တွေက မှတ်ချက်တွေယူထားလိုက်ပြီး၊ သေဆုံးနေတဲ့ အမျိုးသမီး ၂ ဦးကလဲ တရားမဝင်လုပ်သားတွေဖြစ်လို့ သူတို့တွေကို ပြောင်းဖူးစေ့တွေကြား ပုန်းနေခိုင်းပြီးတော့ အသက်ရှူကြပ်ရာကနေ အောက်စီဂျင်ပြတ်လို့သေဆုံးပြီနောက် အလောင်းကို အစဖျောက်ဖို့ ဒီနားမှာလာစွန့်ပစ်ထားတာဖြစ်မယ်လို့ အခင်းဖြစ်တဲ့နေရာကိုရောက်လာတဲ့ ထိုင်းရဲတွေကမှတ်ချက်ယူထားပါတယ်။

ဆယ်ဘီးကားသမားကိုတော့ တာ့ခ်ခ်ရိုင် မဲဆောက်မှာနေထိုင်တယ်လို့ သတင်းရရှိပြီနောက် သွားရောက်ဖမ်းလိုက်တယ်လို့ ရဲမှူးကြီး Chatpimook Meeuk ပြောခဲ့ပါတယ်။ ဖမ်းမိထားတဲ့ တရားခံကိုလဲ လူကုန်ကူးမှုဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ဆေးမှုများပြုလုပ်ပြီးနောက် တရားဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ သိရပါတယ်။

.

အလောင်းစွန့်ပစ်မှုမှာနဲ့ဆက်စပ်မှုရှိတဲ့ မြန်မာပွဲစား မနန်းခင်စောမူ(အသက် ၃၈ နှစ်)ကို ဇူလိုင် ၂၈ ရက်မှာ ထိုင်းမှုခင်းနှိမ်နှင်းရေးတပ်ဖွဲ့က တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ ထာ့ဆိုင်လွမြို့နယ်မှာနေထိုင်ကြောင်း စုံစမ်းသိရှိပြီးနောက် အငှားအိမ်မှာ အဲဒီပွဲစားကို ဖမ်းဆီးမိခဲ့ပါတယ်။

“ကျမ တကယ်ကျူးလွန်မိခဲ့ပါတယ်။ ကားသမားနဲ့ချိတ်ဆက်တယ်။ ချိတ်ဆက်ပေးတဲ့နေရာမှာ တစ်ယောက်ကို ၂၀၀ ကနေ ၅၀၀ ယူတယ်။ လုပ်လာတာလဲ ၁၀ ကြိမ်လောက်တော့ရှိပြီ” လို့ မြန်မာပွဲစား မနန်းခင်စောမူ(အသက် ၃၈ နှစ်)က ဝန်ခံထွက်ဆိုခဲ့ပါတယ်။

ဇူလိုင်လ ၃၀ ရက် ၂၀၂၂ လောက်က ဖမ်းမိတဲ့ ပွဲစားအမျိုးသမီးကို အ​ရေးယူဖို့ ဟန်းနမ်းဆာခွန်ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ အဲဒီအမှုမှာဆက်စပ်ပါဝင်သူတွေကို ထိုင်းအာဏာပိုင်တွေက ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

.

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS