27 April 2024

,

ဟာမက်ရဲ့အမြင့်ဆုံးအောင်မြင်မှုကတော့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးသွင်းအများဆုံးဆုနဲ့အတူကိုလံဘီယာအသင်းကို ကွာတားဖိုင်နယ်အထိစွမ်းဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည်ကြောင့် ရီးရဲလ် မက်ဒရစ်အသင်းရဲ့ ယူရို ၇၆ သန်းနဲ့ဝယ်ယူတာကို ခံခဲ့ရပါတယ်။

၂၀၁၆ ခုနှစ်မှာလည်း ကိုပါ အမေရိကဖလားပြိုင်ပွဲမှာ ကိုလံဘီယာအသင်းအတွက် တတိယဆုကို ရယူပေးနိုင်ခဲ့ပြန်ပါတယ်။ အဲဒီနှစ်ထဲမှာ လက်ရွေးစင်အသင်းနဲ့ပူးပေါင်းဖို့အတွက် “အက်စတာဒီအို မေထရိုပိုလိနာနို” ဘောလုံးကွင်းကို သူရောက်သွားခဲ့ပြီး လူငယ်ကစားသမားတစ်ဦးက သူနဲ့ဓာတ်ပုံတွဲရိုက်ခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ်လူငယ်ကစားသမားလေးဟာ သူ့ရဲ့ကြေးစားဘောလုံးသမားဘဝကိုဒုတိယတန်းလိဂ်အသင်းတစ်သင်းဖြစ်တဲ့ ဘာရန်ကီယာကလပ်မှာစတင်ခဲ့သူပါ။ အဲဒီနောက်မှာတော့ အမြင့်ဆုံးလိဂ်အဆင့်ကိုတက်လှမ်းနိုင်ခဲ့ပြီး အက်သလစ်တီဂို ဂျူနီယာအသင်းမှာ ကစားဖြစ်ခဲ့ပါတယ်။

“ကျနော်နဲ့အကောင်းဆုံးကစားသမား” ဆိုပြီး သူရဲ့ဓာတ်ပုံအောက်မှာ ကပ်ရှင်ရေးထားပါတယ်။ သူ့နိုင်ငံရဲ့စူပါစတားဖြစ်သလို တန်ဖိုးကြီးကစားသမားတယောက်ဖြစ်တဲ့ ဟာမက်နဲ့ဓာတ်ပုံတွဲရိုက်ဖြစ်တာ သူ့ဘဝအတွက် အမှတ်တရတစ်ခု မဟုတ်ပါလား။

လှံထမ်းလာတာကိုမြင်ရပေမဲ့ ကံထမ်းလာတာကိုမမြင်ရဘူးဆိုသလိုပဲ လူငယ်ကစားသမားဟာ အသက် ၂၀ အရွယ်မှာ လူငယ်လက်ရွေးစင်အသင်းမှာကစားခွင့်ရခဲ့ပါတယ်။ အဲဒီနောက်မှာ အက်သလစ်တီဂို ဂျူနီယာအသင်းကို ချန်ပီယံဆုဆွတ်ခူးနိုင်အောင်စွမ်းဆောင်ပေးခဲ့တာကြောင့် ပေါ်တူဂီထိပ်တန်းကလပ် ပေါ်တိုအသင်းက သူ့ကို ခေါ်ယူခဲ့ပါတယ်။

ဟာမက်နဲ့ဓာတ်ပုံရိုက်ပြီး ၃ နှစ်အကြာမှာတော့ ကိုလံဘီယာလက်ရွေးစင်အသင်းမှာရွေးချယ်ခံရပြီး ၂၀၁၉ ကိုပါ အမေရိကားပြိုင်ပွဲကို ပါဝင်ကစားခဲ့ပါတယ်။ သာမန်လူငယ်ကစားသမားတစ်ယောက်ကနေဟာမက်ရဲ့အသင်းဖော်ဖြစ်လာခဲ့တာ မယုံနိုင်စရာပါ။

ယခုအခါမှာတော့ သူ့ရဲ့ခြေစွမ်းဟာနောက်တစ်ဆင့်ကိုတက်လှမ်းနိုင်ခဲ့ပြီး အင်္ဂလိပ် ပရီးမီးယားလိဂ်နာမည်ကြီး လီဗာပူးအသင်းမှာ ကစားနေပါတယ်။ သူဟာ အချိန်တိုအတွင်မှား ပရီးမီးယားလိဂ်နဲ့အန်ဝင်အောင်ကစားနိုင်ခဲ့သလို အသင်းရဲ့အဓိကကစားသမားနေရာကို သိမ်းပိုက်ထားသူပါ။

လူးဝစ် ဒီယပ်ဇ်

SHARE THIS NEWS

OTHER NEWS