12 May 2024

ဇွန် ၁၀ ရက်၊ ၂၀၂၂

ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က ထိုင်း-ကမ္ဘောဒီးယားနယ်စပ် ပရာကျင်ဘူရီခရိုင် ကဘင်ဘူရီမြို့နယ်၊ ဘန်းခလောင်ကလန်ကဘွန်ကျေးရွာအုပ်စုမှာ ဖြစ်ပွားခဲ့တဲ့အလုပ်လုပ်နေတဲ့ အသက် ၂၁ နှစ်အရွယ် ကယန်းတိုင်းရင်းသူ မမြင့်မြင့်ခိုင်ကို သူနဲ့အတူ ငါးဖမ်းပိုက်ကွန်စက်ရုံမှာ မီးပြင်ဆရာအဖြစ် လုပ်နေတဲ့ အသက် ၂၇ နှစ်အရွယ် ထိုင်းအမျိုးသား Boonlai Buarman က အတင်းအဓမ္မ ခေါ်သွားပြီး မုဒိမ်းကျင့် သတ်ဖြတ်လိုက်တဲ့အမှုကို လာမယ့် စက်တင်ဘာလ ၁၃ ရက်နေ့မှာ အမိန့်ချတော့မှာဖြစ်တယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က Myanmar Live ကို ပြောပါတယ်။

 

 

ဒီအမှုနဲ့ပတ်သက်လို့ ဇွန်လ ၆ ရက်နေ့က – ကဘင်ဘူရီတရားရုံးမှာ တရားလိုသက်သေ ရဲဝန်ထမ်း နှစ်ယောက်နဲမျက်မြင်သက်သေ ခြံစောင့် အမျိုးသားကြီးတစ်ယောက်တို့ကို စစ်ဆေးခဲ့ပြီး၊ တရားခံ အမျိုးသားက လည်း အပြစ်ရှိကြောင်း ဝန်ခံထားလို့ လာမယ့် စက်တင်ဘာလ ၁၃ ရက်နေ့မှာ အမိန့်ချတော့မှာပါ။

 

 

“အမှုနဲ့ပတ်သက်တဲ့ သက်သေခံ ပစ္စည်း ၁၈ ခုလောက်ကလည်း အားလုံး ခိုင်လုံတယ်။ အားလုံး စစ်ပြီးတဲ့အဆင့် ဖြစ်သွားပြီ။ ပြစ်ဒဏ်တွေကတော့ အမှန်အတိုင်း ပြောလိုက်ရင် သေဒဏ်ထိုက်တဲ့ အမှုတွေပဲ။ ဒါပေမဲ့ ကျူးလွန်သူ တရားခံကဝန်ခံတယ်ဆိုရင်တော့ အနည်းဆုံး တစ်သက်တစ်ကျွန်းလောက်တော့ ကျနိုင်တယ်”လို့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

 

 

အမှုက ၁၄ ရက်နေ့မှာဖြစ်ပွားတယ်။ သံရုံးက ၁၉ ရက်နေ့မှာဆင်းကြည့်တယ်။ ပြီးတော့ ရဲစခန်းကိုသွားကြတယ်။ သေဆုံးနေတဲ့သူက မီးရှို့ထားတော့ ခြေဖြားလေးပဲကျန်တယ်။ ဘယ်သူဘယ်ဝါသိရှိနိုင်ဖို့ မျိုးရိုးဗီဇ DNA စစ်ဆေးဖို့လုပ်ပေးရတယ်။ သေဆုံးသူရဲ့အမ ၂ ယောက်နဲ့ မျိုးရိုးဗီဇ DNA ကိုယူပြီးစစ်တာပေါ့။ မျိုးရိုးဗီဇ DNA စစ်ချက်ယူတဲ့အတွက် ၃ လလောက်အချိန်ပေးရတယ်။

 

 

(၂၄.၁.၂၀၂၂) မှာ မျိုးရိုးဗီဇ DNA အဖြေထွက်လာတယ်။ သေဆုံးသူဟာ အမ ၂ ယောက်နဲ့တူတယ်။ (၂၈.၂.၂၀၂၂) မှာတရားရုံးကိုတင်တယ်။ အဲဒီနောက် မြန်မာပြည်မှာရှိတဲ့ အဖေကမလာနိုင်တဲ့အတွက် လွဲစာကိစ္စ၊ သေဆုံးသူဟာ အိမ်ထောင်မရှိတဲ့ကိစ္စနဲ့ သေဆုံးနေတဲ့သူဟာ လစဥ်မိဘတွေကို ၅၀၀၀ ဘတ်ထောက်ပံ့ပေးတဲ့စာရွက်စာတမ်းတွေ သူတို့ရွာကနေလှမ်းတောင်းတာတွေဆောင်ရွက်ရပါတယ်။

 

 

အဲဒီစာရွက်စာတမ်းတွေ ထိုင်းကိုရောက်လာတော့ သံအရာရှိရုံးတံဆိပ်တုံးထုတယ်။ ပြီးတော့ စာတွေကို ထိုင်းလိုဘာသာပြန်ပေးရပါတယ်။ တရားခံဘက်ကတော့ ကျူးလွန်ကြောင်းဝန်ခံခဲ့လို့ အငြင်းပွားတာတွေမရှိတော့ပါဘူး။ တရားသူကြီးရှေ့မှာလဲ မမြင့်မြင့်ခိုင်ရဲ့ မိသားစုကိုလဲ ကန်တော့တောင်းပန်တာတွေလဲ လုပ်ခဲ့ပါတယ်။ ဒီအမှုကိုတော့ မြန်မာသံရုံးဘက်က ဦးအောင်ကိုဇော်နဲ့ ဦးလင်းမြတ်တို့ ဦးဆောင်ပြီး အမှုကို ကူညီပေးနေတယ်လို့” ရှေ့နေ ဦးအောင်မျိုးသန့်က ဆိုပါတယ်။

တရားခံ ထိုင်းအမျိုးသားကို လူသတ်မှု၊ မုဒိမ်းမှု အပါအဝင် ပုဒ်မ ၆ ခုနဲ့ တရားစွဲထားပါတယ်။ ပုဒ်မ ၆ ခုတော့ ၁၊ ခွင့်ပြုချက်မရတဲ့နေရာကိုကျူးကျော်ဝင်ရောက်မှု၊ ၂၊ တစ်ချိန်ထဲမှာပြစ်မှုပေါင်းများစွာကိုကျူးလွန်မှု၊ ဆိုလိုတာကတော့ (ကောင်မလေးရဲ့အခန်းထဲကိုဝင်တယ်။ မုဒိန်းကျင့်ဖိုးကြိုးစားတယ်။ မရတော့ ပါးစပ်ကို တိတ်နဲ့ပိတ်တယ်။ ကောင်မလေးကခုခံတော့ ခြေထောက်နဲ့ကန်တယ်။ ပြီးတော့ဆီအုန်းခြံထဲဆွဲခေါ်သွားတယ်။ ခြံထဲမှာကောင်မလေးကို မုဒိန်းကျင့်တယ်။ သတ်လိုက်တယ်။ သတ်ပြီးတော့ရေထဲပစ်ချတယ်။ ကောင်မလေးသေတော့ ကုန်းပေါ်မှာဆွဲတင်တယ်။ အိမ်ပြန်လာပြီး တာယာကွင်းတွေယူပြီး မီးရှို့ခဲ့တာတွေဖြစ်ပါတယ်) ၃၊ အလောင်းဖျောက်မှု၊ ၄၊ မုဒိန်းမှု၊ ၅၊ အသက်မပြည့် ကလေးမကို ပြုကျင့်မှု အမှုတွဲ၊ ၆၊ ရည်ရွယ်ချက်ရှိရှိအသေသတ်မှုတွေဖြစ်ပါတယ်။

သေဆုံးသူ မမြင့်မြင့်ခိုင်အတွက် မြန်မာသံရုံးက ထောက်ပံ့ငွေ ဘတ် ၁ သောင်း ပေးထားသလို၊ နစ်နာကြေးရဖို့လည်း ဆက်ပြီး ကူညီနေတယ်။ နစ်နာကြေး တစ်လ ဘတ်ငွေ ၅ဝဝဝ နှုန်းနဲ့ နှစ် ၄ဝ စာ၊ ဘတ်ငွေ ၂၄ သိန်း တောင်းခံသွားဖို့ စီစဉ်ဆောင်ရွက်နေသလို၊ မမျှော်လင့်တဲ့ အခြေအနေရှိလာရင် ထိုင်းရှေ့နေ၊ မြန်မာရှေ့နေတွေနဲ့ တရားရင်ဆိုင်သွားမယ်လို့ သိရပါတယ်။

မမြင့်မြင့်ခိုင်ပျောက်သွားပြီး ငါးရက်အကြာ နိုဝင်ဘာလ ၁၈ ရက်နေ့မှာမှ အလောင်းကို ပြန်တွေ့ခဲ့လို့ အဲဒီလိုအဖြစ်ဆိုး ကြုံရတာကို သိခဲ့ကြတာဖြစ်ပါ တယ်။ ကျူးလွန်တဲ့ ထိုင်းအမျိုးသားလည်း တိမ်းရှောင်နေရာကနေ ဖမ်းဆီးခံရ တာ ဖြစ်ပါတယ်။

မမြင့်မြင့်ခိုင်အတွက် တရားမျှတမှုရဖို့၊ ထိုင်းရောက် မြန်မာအလုပ်သမား တွေက ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ ၂ဝ၂၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက် နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဓါတ်ပုံ-77kaoded.

Andrew KC (ဇွဲကပင်မြေ)

SHARE THIS NEWS

OTHER NEWS