2 May 2024

ဇူလိုင်လ ၁၁ ရက်၊ ၂၀၂၂

ထိုင်းမှာဘတ်လုပ်ပေးမယ်လို့ သတင်းထွက်ပေါ်လာပြီးတဲ့နောက်ပိုင်း တရားမဝင်လုပ်သားတွေ ထိုင်းဝင်ရောက်တဲ့လမ်းခရီးတွေမှာ အဖမ်းခံကြရပြန်ပြီဖြစ်ပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်းဘက်က တရားမဝင်လာတဲ့မြန်မာတွေစီးလားတဲ့ကားနှစ်စီး အန်ထောင်းခရိုင် အမြန်လမ်းရဲတပ်ဖွဲ့က စစ်ဆေးဖို့ တားဆီးရာမှာ မောင်းပြေးသွားခဲ့လို့ အမြန်လမ်းရဲတပ်ဖွဲတွေလိုက်လံဖမ်းဆီးခဲ့ရပြီး မြန်မာလုပ်သား ၂၄ ဦးက အဖမ်းခံခဲ့ရပါတယ်။

​​မောင်းပြေးတဲ့ လုပ်သားတင်ဆောင်လာတဲ့ ကားတွေထဲမှာ လူ ၄ ယောက်သာစီးလို့ရတဲ့နေရာကို မြန်မာလုပ်သား ၁၀ ယောက်ထက်မနည်း နေခိုင်းပြီးတင်လာတယ်လို့ ထိုင်းသတင်းတွေကဖော်ပြထားပါတယ်။

အဖမ်းခံရစဥ် ထိခိုက်သူမရှိပေမယ့်၊ လိုက်ပါတဲ့မြန်မာလုပ်သားတွေမှာ ထိတ်လန့်မှုတွေဖြစ်နေကြတယ်လို့သိရပါတယ်။ တရားမဝင်လုပ်သားတွေကို ကားနဲ့ပို့ဆောင်ပေးခ တစ်ဦး ဘတ်၂၀၀၀ ရ​ပြီး​ ချင်းမိုင်ကနေ ဘန်ကောက်နဲ့ အနီးတဝိုက်ကမြို့တွေကို ပို့ပေးတာဖြစ်တယ်လို့ ဖမ်းမိထားတဲ့ကားမောင်းသမားတွေက အာဏာပိုင်တွေဆီ ထွက်ဆိုပြောကြားထားပါတယ်။

ထို့အတူ ဇူလိုင်လ ၁၀ ရက်နေ့မှာ ရနောင်းခရိုင်ဘက်မှာ တရားမဝင်လာတဲ့လမ်းမှာ မြန်မာတွေ ၂၉ ယောက်ကို ထပ်မံဖမ်းမိတယ်လို့ ရနောင်းခရိုင် သတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၁၀ ရက်နေ့ ည ၈ နာရီအချိန်လောက်မှာဖမ်းမိတာပါ။ အဖမ်းခံရတဲ့လုပ်သားတွေကိုမေးမြန်းတော့ ” ကျနော်တို့ကော့သောင်းကနေ လှေနဲ့ကူးပြီးလာတယ်။ လာစောင့်နေတဲ့ ကားကိုစီးလာတဲ့လမ်းမှာ အဖမ်းခံရပါတယ်။ လမ်းစရိတ်ကတော့ ၁၅၀၀၀ ဘတ်လောက် ကုန်ကျတယ်” လို့အဖမ်းခံရတဲ့ မြန်မာလုပ်သားတစ်ယောက်ပြောပါတယ်။

ထိုင်းမှာ အစိုးရအဖွဲ့က တရားမဝင်လုပ်သား ၁၂၀၀၀၀ ခန့်ကို ဘတ်လုပ်ပေးမယ်လို့ ထုတ်ပြန်ခဲ့ပြီးမှာ ခိုးလမ်းကလာတဲ့မြန်မာတွေ ပိုများလာပြီး၊ ထိုင်းဝင်လာတဲ့ နယ်စပ်တောလမ်းခရီးများမှာ အဖမ်းခံနေကြရတာဖြစ်ပါတယ်။ ဖမ်းမိထားတဲ့ တရားမဝင်မြန်မာနိုင်ငံသားတွေကိုလဲ လူဝင်မှုကြီးကြပ်ရေးဌာနဆိုင်ရာတွေဘက်က အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။

.

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS