3 May 2024

ဇူလိုင် ၂၅ ရက်၊ ၂၀၂၂

လာမည့် သြဂုတ်လ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ တရားမဝင်လုပ်သားတွေကို ငှားရမ်းထားတဲ့ လုပ်ငန်းရှင်များအနေနဲ့ ဘတ်ရိုက်ဖို့စာရင်းပေးနိုင်ပြီလို့ ထိုင်းအလုပ်အကိုင်ရှာဖွေရေးညွှန်ချုပ်ကပြောပါတယ်။

ထိုင်းနိုင်ငံထဲကို တရားမဝင်ရောက်လာပြီလုပ်ကိုင်နေကြတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်လုပ်သားတွေကို ဘတ်ရိုက်ပေးသွားမှာဖြစ်ပါတယ်။ ခန့်မှန်းခြေ တရားမဝင် ၁ သိန်း ၂ သောင်းခန့်ရှိတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးရုံးဖော်ပြချက်အရသိရပါတယ်။

ဘတ်ရိုက်ပေးတဲ့အဆင့်ကို မသွားမီ၊ အွန်လိုင်းမှတဆင့် လုပ်သားအမည်စာရင်း (Name List) ကြိုတင်သွင်းထားရမှာပါ၊ စာရင်းသွင်းတဲ့ကာလကို ကနဦး ၁၅ ရက်ခွင့်ပြုထားပါတယ်။ အမည်စာရင်းကျလာပြီဆိုပါက အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) လျှောက်ထားရန်အတွက် တားမြစ်ရောဂါ ၆ မျိုးစစ်ဆေးခြင်း၊ ကျန်းမာရေးအာမခံဝယ်ယူခြင်း၊ လူမှုဖူလုံ ရေးအာမခံ (ပရကန်စန်းခွမ်) ပြုလုပ်ခြင်း စသည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။

ကုန်ကျစရိတ်စရိတ်အနေနဲ့ကတော့ စာရင်းတင်ခ ၁၀၀ ဘတ်၊ ဝါ့ပါမစ်ခ ၉၀၀ ဘတ်ဖြင့် ထိုင်းအလုပ်သမားဆိုင်ရာဘက်ကဖော်ပြထားတာပဲရှိပါတယ်။ ရောဂါ ၆ မျိုးစစ်ဆေးခ၊ ကိုဗစ်၁၉ စစ်ဆေးခ၊ ကျန်းမာရေးအာမခံဝယ်ယူခတွေနဲ့အခြားစာရွက်စာတမ်းတွေ မပါသေးပါဘူး။

“ကုန်ကျစရိတ် ၁၀၀၀ ဘတ်ကတော့ ဝါ့ပါမစ် သက်သက်ပါ၊ ကျန်တဲ့ကုန်ကျစရိတ်တွေကို အစိုးရဘက်ကဖော်ပြထားတာမရှိသေးဘူး၊ ဖြစ်နိုင်မယ်ဆိုရင် ကုန်ကျစရိတ် ၁၂၃၄ ဖော်ပြပေးသင့်တယ်။ ဥပမာ ကျန်းမာရေးအာမခံဘယ်လောက်၊ ရောဂါ ၆ မျိုးစစ်ဆေးခဘယ်လောက်၊ ထိုင်းအစိုးရအနေနဲ့ဖော်ပြပေးသင့်တယ်။ မြေပြင်မှာတော့ကုန်ကျစရိတ်တွေကိုသိလောက်မယ်ထင်တယ်။ သိရတာကတော့ ၁၀၀၀၀ အထက်မှာတော့ရှိတယ်” လို့ အလုပ်သမားအရေးနဲ့လူမှုကူညီရေးအဖွဲ့ TCTF ဦးမင်းထွန်းကပြောပါတယ်။

တရားမဝင်လုပ်သားတွေကို တရားဝင်လုပ်သားအဖြစ် ဝါ့ပါမစ်ကိုသာ အရင်ပြုလုပ်ပေးမှာဖြစ်ပြီး၊ ထို့နောက် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ (၂၀၂၃) လောက်မှာတော့ ဇီဝလက္ခဏာကောက်ယူခြင်း (လက်ဗွေစကန် ဖတ်၊ မျက်လုံးစကန်ဖတ်) နှင့် ပန်းရောင်ဘတ်ကတ်ထုတ်ယူခြင်းလုပ်ငန်းစဉ်များကို အပြီးဆောင်ရွက်ရမှာဖြစ်ပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေကို အုပ်စုအလိုက် ထိုင်းအလုပ်သမားဆိုင်ရာတွေဘက်က အထောက်အထားပြုလုပ်ပေးနေတာဖြစ်ပြီး၊ အထောက်အထားပြုလုပ်ပေးတဲ့နေရာမှာလဲ ရွှေ့ပြောင်းလုပ်သားများမှာ ဘာသာစကားမတတ်ခြင်း၊စာရွက်စာတမ်းကိစ္စနားမလည်ကြခြင်းကြောင့် ကိုယ်စားလှယ်တွေကို ငှားရမ်းပြီးဆောင်ရွက်နေကြရတာကြောင့် ပုံမှန်ဈေးထက် တဆပိုပေးနေရတယ်လို့ ရွှေ့ပြောင်းလုပ်သားများထံကသိရပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS