7 May 2024

သြဂုတ် ၈ ရက်၊ ၂၀၂၂

ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က ထိုင်း-ကမ္ဘောဒီးယားနယ်စပ် ပရာကျင်ဘူရီခရိုင် ကဘင်ဘူရီမြို့နယ်၊ ဘန်းခလောင်ကလန်ကဘွန်ကျေးရွာအုပ်စုမှာ ဖြစ်ပွားခဲ့တဲ့အလုပ်လုပ်နေတဲ့ အသက် ၂၁ နှစ်အရွယ် ကယန်းတိုင်းရင်းသူ မမြင့်မြင့်ခိုင်ကို သူနဲ့အတူ ငါးဖမ်းပိုက်ကွန်စက်ရုံမှာ မီးပြင်ဆရာအဖြစ် လုပ်နေတဲ့ အသက် ၂၇ နှစ်အရွယ် ထိုင်းအမျိုးသား Boonlai Buarman က အတင်းအဓမ္မ ခေါ်သွားပြီး မုဒိမ်းကျင့် သတ်ဖြတ်လိုက်တဲ့အမှုမှာ သြဂုတ်လ (၂/၈/၂၀၂၂) မှာအမိန့်ချလိုက်ပြီလို့ ရှေ့နေ ဦးအောင်မျိုးသန့်က ကိုချစ် ဇွဲကပင်မြေ ကို ပြောပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ ကဘင်ဘူရီ တရားရုံးက ထောင်ဒဏ် နှစ် ၅၀ အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့ ညီမဖြစ်သူ မမြင့်မြင့်ခိုင် အသတ်ခံရမှုအပေါ် ပြစ်မှုကျူးလွန်သူကို သေဒဏ် ဒါမှမဟုတ် တစ်သက်တစ်ကျွန်း ချမှတ်စေချင်တာလို့ အမဖြစ်သူ မမြမြအေးက ပြောပါတယ်။

“တရားရုံးဘက်ကအမိန့်ချတဲ့နေရာမှာသုံးသပ်ချက်တွေအများကြီးပါတယ်။ သူ့ကိုချမှတ်ထားတဲ့ပုဒ်မ ၆ ခုလုံးကလဲသေဒဏ်လဲပါတယ်။ သို့သော် ထိုင်းနိုင်ငံရဲ့ဥပဒေ ပုဒ်မ ၇၈ အရ တရားခံဟာဝန်ခံတယ်ဆိုရင် တဝက်ထက်မပို့တဲ့ပြစ်ဒဏ်ကိုလျှော့ပေးလို့ရတယ်၊ ဆိုတော့ သူမှားတယ်လို့ဝန်ခံတယ်။ အဲဒါကြောင့်မို့ပါ” လို့ ဦးအောင်မျိုးသန့်က ကိုချစ် ဇွဲကပင်မြေ ကို ပြောပါတယ်။

သေဆုံးသူ မမြင့်မြင့်ခိုင်အတွက် နစ်နာကြေးတွေရဖို့ အန်ကယ်တို့မှာလုပ်ပြီးသားအစီစဥ်တွေရှိတယ်။ အဲဒီအစီစဥ်အတိုင်းသွားမယ်။ အခုအမိန့်ချတာက ၁၅ ရက်လောက်ကြာမယ်။ ၁၅ ရက်ကျော်မှ အန်ကယ်တို့ဘက်က အမှုတွဲပို့လို့ရမှာ၊ အမှုတွဲစာထဲမှာတော့ ကလေးမလေးအတွက် နစ်နာကြေးဘတ် ၂ သန်းကျော်တောင်းထားတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးမလေးက သူ့မိဘတွေကို တစ်လ ၅၀၀၀ ဘတ်လောက်ပို့ပေးတယ်။ သူ့အသက် ၆၀ အထိဆိုရင် ပျှမ်းမျှ ဘတ် ၂ သန်းကျော်တယ်။ အဲလောက်တော့တောင်းပေးထားတယ်” ဦးအောင်မျိုးသန့် ကဆက်ပြောပါတယ်။

အမိန့်ချတဲ့နေ့မှာ မြန်မာသံရုံးက တာဝန်ရှိသူ ဦးလင်းမြတ်၊ ဥပဒေအကြံပေးရှေ့နေ ဦးအောင်မျိုးသန့်နဲ့ ထိုင်းရှေ့နေတို့ တက်ရောက်ခဲ့တယ်။ ပြစ်မှုကျူးလွန်သူ တက်ရောက်လာခြင်းမရှိဘဲ ဗီဒီယိုကတစ်ဆင့် ကြားနာခဲ့ပါတယ်။ ပြစ်မှုကျူးလွန်သူ တရားခံ ထိုင်းအမျိုးသားကို လူသတ်မှု၊ မုဒိမ်းမှုအပါအဝင် ပုဒ်မ ၆ ခုနဲ့ တရားစွဲဆိုခဲ့တာပါ။ သူ့ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ အမှုတွဲတင်ခဲ့ပြီး သြဂုတ်လ ၂ ရက်နေ့မှာ အပြီးသတ်အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ပုဒ်မ ၆ ခုတော့ ၁၊ ခွင့်ပြုချက်မရတဲ့နေရာကိုကျူးကျော်ဝင်ရောက်မှု၊ ၂၊ တစ်ချိန်ထဲမှာပြစ်မှုပေါင်းများစွာကိုကျူးလွန်မှု၊ ဆိုလိုတာကတော့ (ကောင်မလေးရဲ့အခန်းထဲကိုဝင်တယ်။ မုဒိန်းကျင့်ဖိုးကြိုးစားတယ်။ မရတော့ ပါးစပ်ကို တိတ်နဲ့ပိတ်တယ်။ ကောင်မလေးကခုခံတော့ ခြေထောက်နဲ့ကန်တယ်။ ပြီးတော့ဆီအုန်းခြံထဲဆွဲခေါ်သွားတယ်။ ခြံထဲမှာကောင်မလေးကို မုဒိန်းကျင့်တယ်။ သတ်လိုက်တယ်။ သတ်ပြီးတော့ရေထဲပစ်ချတယ်။ ကောင်မလေးသေတော့ ကုန်းပေါ်မှာဆွဲတင်တယ်။ အိမ်ပြန်လာပြီး တာယာကွင်းတွေယူပြီး မီးရှို့ခဲ့တာတွေဖြစ်ပါတယ်) ၃၊ အလောင်းဖျောက်မှု၊ ၄၊ မုဒိန်းမှု၊ ၅၊ အသက်မပြည့် ကလေးမကို ပြုကျင့်မှု အမှုတွဲ၊ ၆၊ ရည်ရွယ်ချက်ရှိရှိအသေသတ်မှုတွေထင်ရှားလို့ သူ့ကို သြဂုတ်လ ၂ ရက်နေ့မှာ အပြီးသတ်အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

မမြင့်မြင့်ခိုင်ပျောက်သွားပြီး ငါးရက်အကြာ နိုဝင်ဘာလ ၁၈ ရက်နေ့မှာမှ အလောင်းကို ပြန်တွေ့ခဲ့လို့ အဲဒီလိုအဖြစ်ဆိုးနဲ့ ကြုံရတာကို သိခဲ့ကြတာဖြစ်ပါ တယ်။ ကျူးလွန်တဲ့ ထိုင်းအမျိုးသားလည်း တိမ်းရှောင်နေရာကနေ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

မမြင့်မြင့်ခိုင်အတွက် တရားမျှတမှုရဖို့၊ ထိုင်းရောက် မြန်မာအလုပ်သမား တွေက ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ ၂ဝ၂၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက် နေ့ကစတင်ပြီးဆက်တိုက်ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ မမြင့်မြင့်ခိုင်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲနယ်က ကယန်းတိုင်းရင်းသူဖြစ်ပြီး တရားခံ ထိုင်းအမျိုးသားဟာ မမြင့်မြင့်ခိုင်နဲ့အတူ ငါးဖမ်းပိုက်ကွန်စက်ရုံမှာ မီးပြင်ဆရာအဖြစ် လုပ်ကိုင်သူ ဖြစ်ပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS