သြဂုတ် ၁၇ ရက်၊ ၂၀၂၂
ဒုက္ခိတနဲ့ဖခင်ဖြစ်သူကို လမ်းဘေးရှိ ဇရပ်ဟောင်းတစ်ခုမှာ သမီးဖြစ်သူကသွားရောက်စွန့်ပစ်ထားခဲ့ပါတယ်။ အခင်းဖြစ်တဲ့နေရာက ထိုင်းနိုင်ငံ ကန်ကျနဘူရီခရိုင်မှာဖြစ်ပါတယ်။
ခြေလက်တွေကအစ ဒုက္ခိတဖြစ်နေတဲ့ဖခင်ကို သမီးဖြစ်သူက ကန်ကျနဘူရီခရိုင် ဆိုင်ယို့မြို့နယ်ကနေခေါ်လာပြီး အခင်းဖြစ်တဲ့ဇရပ်မှာချန်ထားခဲ့တာဖြစ်ပါတယ်။ ဖခင်ဖြစ်သူကို ချသွားတုန်းက ဒီမှာစောင့်နေနော်ပြောပြီး သမီးဖြစ်သူက ပစ်ထားခဲ့တာပါ။
မီးရေမရှိတဲ့ ဇရပ်ဟောင်းတစ်ခုမှာ ပစ်ထားခံရတဲ့ ဖခင်ဖြစ်သူမှာ ၂ ရက်ကျော်ကြာလာတဲ့အထိ လာကြိုတဲ့သူမရှိပါ။ အဖေဖြစ်သူကို သမီးက အဖေသမီးနဲ့လိုက်နေပါလို့ လိမ်ပြီးခေါ်လာတယ်လို့ သွားရောက်ကူညီတဲ့သူတွေကို ဖခင်ဖြစ်သူကပြောပါတယ်။
“သမီးနဲ့လိုက်နေပါလို့ လာခေါ်တယ်၊ ဒီဇရပ်ကိုရောက်လာတော့ အဖေဒီမှာခဏစောင့်နော် ပြန်လာခေါ်မယ်ပြောတယ်။ အဲဒါနဲ့ပျောက်သွားတယ်။ ၂ ရက်တောင်ရှိပြီးလာမခေါ်ဘူး။ သူတို့နေတဲ့နေရာလဲမသိဘူး၊ အရင်တုန်းကတစ်ယောက်တနေရာနေကြတာ” လို့ ဖခင်ဖြစ်သူက ကိုချစ် ဇွဲကပင်မြေ ကိုပြောပါတယ်။
အဲဒီနောက် ဒေသခံတစ်ဦးကတွေ့သွားလို့ ကန်ကျနဘူရီခရိုင် TCTF ထံ သတင်းပေးလာပြီး၊ သွားရောက်အကူညီမှုတွေပေးတော့ ဒုက္ခိတဖြစ်နေတဲ့သူမှာ မြန်မာနိုင်ငံသား အသက် ၅၅ နှစ်ရှိ ဦးစိန်မင်း လို့သိရပါတယ်။ ယခင်တုန်းကခြေလက်တွေအကောင်း ပကတိရှိသူဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁ နှစ်ကျော်ကတည်းက ကားတိုက်ခံရပြီးနောက် ခြေလက်တွေ ဒုက္ခိတဖြစ်သွားတာပါ။ သူ့ကိုတိုက်သွားတဲ့ကားကို အရေးယူဖို့ သက်သေတွေမပြနိုင်ခဲ့လို့ နစ်နာကြေးလဲတစ်စုံတစ်ရာခံစားခွင့်မရခဲ့ပါဘူး။ သူ့ကိုလာရောက်စွန့်ပစ်သွားတဲ့သူကို နယ်မြေခံအာဏာတွေဘက်က ရှာဖွေနေပါတယ်။
ဦးစိန်မင်းကို လက်ရှိတာဝန်ယူစောင့်ရှောက်ပေးမယ့်သူတွေမရှိတဲ့အတွက် ထိုင်းနိုင်ငံ နခွန်ပထုံခရိုင် ဘန်လင်းမြို့နယ်ရှိ TCTF လူမှုကယ်ဆယ်ရေးစင်တာမှာထားပြီး ကနဦးစောင့်ရှောက်မှုတွေပေးထားကာ သူ့ကို ပစ်ထားတဲ့သူ့က မွေးစားသမီးလို့သိရပါတယ်။
ကိုချစ် ဇွဲကပင်မြေ