27 April 2024

စက်တင်ဘာ ၉ ရက်၊ ၂၀၂၂

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာရှိတဲ့ ပြည်သူ့အခြေပြု ကိုယ်ထူကိုယ်ထ စာသင်ကျောင်းဝင်းထဲကို စစ်ကောင်စီပစ်ခတ်တဲ့ ၁၂၀ မမ လက်နက်ကြီးကျည် ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ကာ စာသင်ကျောင်းဝင်းထဲက ဆရာမတဦးနဲ့ စစ်ရှောင်ကျောင်းသူတဦးနေထိုင်တဲ့ အိမ်ကိုထိမှန်ခဲ့ပါတယ်။

လက်နက်ကြီး ကျရောက်တဲ့နေရာက ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ Karenni’s Voice ကဖော်ပြထားပါတယ်။ လက်နက်ကြီး ကျရောက်ခဲ့တဲ့ စာသင်ကျောင်းဟာ ဒီးမော့ဆိုပညာရေးဘုတ်အဖွဲ့ရဲ့ ကြားကာလပညာရေးကို အကောင်အထည်ဖော်နေတဲ့ ပြည်သူ့အခြေပြု ကျောင်းတကျောင်းဖြစ်ပြီး ကျောင်းသား ၄၀၀ ကျော်ရှိပါတယ်။

စက်တင်ဘာ ၇ ရက်နေ့ ၂၀၂၂ နေ့လည် ၂ နာရီခန့်က လက်နက်ကျ ပေါက်ကွဲတာဖြစ်ပြီး၊ လက်ရှိမှာတော့ ကျောင်းသားတွေရဲ့ လုံခြုံမှုအတွက်စာသင်ကျောင်းကို ပိတ်ထားတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်တွေ ဒီးမော့ဆိုအနောက်ခြမ်းထဲကို အဲဒီနေ့ရဲ့နေ့ခင်းက လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့တာဖြစ်ပြီး ဩဂုတ်လအတွင်းက စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှု ၃ ဦး ရှိခဲ့တယ်လို့ ဖော်ပြချက်အရသိရပါတယ်။

ကိုချစ် ဇွဲကပင်မြေ

Photo – Karenni’s Voice

SHARE THIS NEWS

OTHER NEWS