3 May 2024

နိုဝင်ဘာ ၂၉ ရက်၊ ၂၀၂၂

သူငယ်ချင်းရဲ့ညီမဖြစ်သူကို ပြုကျင့်ဖို့ကြိုးစားတဲ့ မြန်မာလုပ်သားတစ်ဦး ဓါးဖြင့် ဝမ်းဗိုက်တွင်တစ်ချက်၊ လက်တွင်တစ်ချက် အထိုးခံရပြီး၊ မိမိကိုယ်ကိုကာကွယ်တဲ့ မြန်မာအမျိုးသမီးမှာ အကျဉ်းထောင်ထဲမှာ အချုပ်နှောင်ခံနေရပါတယ်။

ထိုင်းနိုင်ငံ ဘန်ခွန်ထီယမ်မြို့ ဘန်ဘောမြို့နယ် အေကချိုင်လမ်းရှိ အလုပ်သမားတွေ နေထိုင်တဲ့တိုက်ခန်းမှာ ဓါးထိုးမှုဖြစ်ပွားခဲ့ပါတယ်။ နိုဝင်ဘာလ ၂၇ ရက်နေ့မှာဖြစ်ပွားခဲ့ပြီး၊ မြန်မာအမျိုးသမီးက သူ့ကိုအဓမ္မပြုကျင့်ဖို့ ကြံစည်တဲ့ မြန်မာအမျိုးသားတစ်ဦးကို ဟင်းချက်ဖို့ယူလာတဲ့ဓါးနဲ့ထိုးလိုက်တာဖြစ်ပါတယ်။

“ညီမ က အခန်းနံပါတ် ၃၀၆ မှာ အကိုနဲ့အတူနေပါတယ်။ အခင်းဖြစ်တဲ့နေ့က ညီမကနားရက်မို့ အခန်းထဲမှာတစ်ယောက်ထဲနေတယ်။ အကိုကအလုပ်သွားတယ်။ ညီမဟင်းချက်ဖို့အတွက် အသီးအရွက်နဲ့ အသားတွေကို အခန်းနံပါတ် ၃၁၀ မှာသွားယူတယ်။ အဲဒီအခန်းက ရေခဲသေတ္တာရှိတယ်လေ အကိုကအဲဒီမှာသွားထည့်ထားတယ်။ အဲဒါနဲ့ ညီမလဲ အဲဒီအခန်းထဲကို အသားငါးတွေယူဖို့ဝင်သွားတယ်။ အသားငါးတွေယူနေတုန်း အကိုသူငယ်ချင်းက အလုပ်ကနေပြန်လာပြီး အခန်းထဲကိုဝင်လာတယ်။ အခန်းထဲကိုလဲရောက်လာရော ညီမကို ဘာမမေး ညာမမေးဘဲ အတင်းတွန်းလဲဖို့ ကြိုးစားတယ်။ သူ့အဝတ်အစားတချို့ကိုလဲ ချွတ်လိုက်ပြီး၊ ညီမဘောင်းဘီကိုလဲ ချွတ်ဖို့ကြိုးစားတယ်။ အဲဒါနဲ့ ညီမက အသားတွေလှီးဖို့ ယူလာတဲ့ ဓါးနဲ့ ရမ်းသမ်းပြီးထိုးလိုက်တာ သူ့ဗိုက်မှာတစ်ချက် လက်မှာတစ်ချက်ထိသွားပြီး၊ အခန်းပြင်ကိုပြေးထွက်ပြီး အကူညီလှမ်းတောင်းလိုက်တာ” ဟု သူမကပြောပါတယ်။

အခင်းဖြစ်တဲ့နေရာကို ဘန်ခွန်ထီယမ်ရဲစခန်းက ရဲတွေရောက်လာပြီး ဓါးဒဏ်ရာနဲ့ အမျိုးသားကိုတော့ ဆေးရုံကိုပို့ထားပြီး၊ အမျိုးသမီးကိုတော့ အချုပ်ခန်းထဲမှာ ထည့်ထားလိုက်တယ်ဟု မမေလဒီ ဖေ့ဘွတ်ခ်က ဖော်ပြထားပါတယ်။ ကိုယ့်ကိုအတင်းအဓမ္မပြုကျင့်သူကို ပြန်ခုခံတဲ့ မြန်မာအမျိုးသမီးက ယခုလို အချုပ်ခန်းထဲရောက်သွားလို့ ထိုင်းရဲတွေရဲလုပ်ဆောင်ချက်အပေါ် ဝေဖန်မှုများစွာရှိလာခဲ့ပါတယ်။

လက်ရှိတွင် ပြစ်မှုကျူးလွန်သူက ဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီး တရားဝင်နေထိုင်ခွင့်ရှိသူ ဟုတ်၊ မဟုတ် စစ်ဆေးနေတယ်လို့ သွားရောက်ကူညီပေးသူတွေထံက သိရပါတယ်။

“သူ့ကိုသေစေချင်တဲ့ ရည်ရွယ်ချက်တော့မရှိပါဘူး၊ ကိုယ့်က်ိုယ်ကိုပြန်ကာကွယ်တဲ့အနေနဲ့လုပ်တာပဲရှိတယ်” လို့ အာမခံနဲ့ပြန်လွတ်လာတဲ့ နစ်နာသူ မြန်မာအမျိုးသမီးက ထိုင်းသတင်းဌာနတစ်ခုမှာပြောသွားပါတယ်။

.

ကိုချစ် ဇွဲကပင်မြေ

ဓာတ်ပုံ-May Ladi(IRA)

SHARE THIS NEWS

OTHER NEWS