3 May 2024

ထိုင်းအလုပ်ရှင်က လုပ်ခလစာမပေးဘဲ လမ်းဘေးတစ်နေရာတွင် စွန့်ပစ်ခဲ့သော လာအိုအမျိုးသမီးက ရဲစခန်းသို့တိုင်ချက်ဖွင့်ပြီး အလုပ်ရှင်ကိုတရားစွဲရာက လုပ်ခလစာ ပြန်ရ။

ထိုင်းနိုင်ငံအလယ်ပိုင်း၊ ပထုမ်ဌာနီခရိုင်၊ ဓညဘူရီမြို့နယ်၊ ဘွန်နမ်းရတ်ကျေးရွာအုပ်စုတွင်ဖွင့်လှစ်ထား သော နာမည်ကြီးမရွေးခွက်ဆိုင်ပိုင်ရှင်က ၎င်းအားလုပ်ခလစာမပေးဘဲ လမ်းဘေးတွင်စွန့်ပစ်ထားခဲ့သည် ဟု အသက် ၃၀ နှစ်အရွယ် လာအိုအမျိုးသမီးက ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့တွင် ဓညဘူရီရဲစခန်းထံ တိုင်ချက်ဖွင့်ခဲ့သည်ဟု ထိုင်းသတင်းဌာနတစ်ခုက ဖော်ပြထားသည်။

ဖြစ်စဉ်မှာ နစ်နာသူသည် အွန်လိုင်းအလုပ်ခေါ်စာတွေ့ရှိပြီးနောက် အလုပ်ရှင်နှင့်ဖုန်းဖြင့်စကားပြောဆို ပြီး အဆိုပါမရွေးခွက်ဆိုင်တွင် အလုပ်လုပ်ကိုင်ရန် ဖစ်ဘူရီခရိုင်မှ ပထုမ်ဌာနီခရိုင်သို့ လာခဲ့သည်ဟု မီဒီယာများကို ပြောပြသည်။

အလုပ်ရှင်က ၁ ရက်လျှင် ၃၅၀ ဘတ်အပြင် စားစရိတ်နှင့်အခန်းပေးမည်ဟုဆိုပြီး အပတ်စဉ် တနင်္ဂနွေနေ့ ညနေတွင် လုပ်ခလစာထုတ်ပေးရန် သဘောတူထားသည်ဟု ဆိုသည်။

ဧပြီလ ၃ ရက်နေ့တွင် အလုပ်စဝင်ပြီး ဧပြီလ ၉ ရက်နေ့ရောက်ရှိသောအခါ လုပ်ခလစာ ၆ ရက်စာ ၂၁၀၀ ဘတ် နှင့်စားစရိတ် ထုတ်ပေးရန် အလုပ်ရှင်ကို ပြောသောအခါ အလုပ်ရှင်က အဝတ်အစားကောက်ခိုင်း ကာ ဘတ်ငွေ ၂၀၀ ကမ်းပေးပြီး “ယူမလား” “မယူဘူးလား” ဟု ဆိုပြီး အခန်းမှထွက်သွားရန် ဆိုကြောင်း သူမ ကဆိုသည်။

 

အလုပ်ရှင်ကမ်းပေးသော ဘတ် ၂၀၀ ကို သူမ မယူဘဲ နောင်းခိုင်ခရိုင်ကိုပြန်ရန်အတွက် လမ်းစရိတ် ၆၅၀ တောင်းခံရာ အလုပ်ရှင်က မပေးဘဲ သူမအား ခလောင် ၁၁ ရှိ လမ်းဘေးတစ်နေရာတွင် စွန့်ပစ်ခဲ့သည်ဟု ထွက်ဆိုသည်။

ထို့နောက် ပထုမ်ဌာနီခရိုင် အလုပ်သမားကာကွယ်စောင့်ရှောင့်ရေးတာဝန်ရှိသူများက သူမ လုပ်ခလစာ ပြန်လည်ရရှိရန် ဆောင်ရွက်ပေးခဲ့သည်ဟု သိရှိရသည်။

Photo : สถานีประชาชน

SHARE THIS NEWS

OTHER NEWS