26 April 2024

ထိုင်းရှေ့သို့လှမ်းချီပါတီဦးဆောင်သည့် ပါတီ ၈ ခုက ညွှန့်ပေါင်းအစိုးရဖွဲ့စည်းရန်အတွက် နားလည်မှု စာချွန်လွှာ (MoU)တစ်ရပ်ကို ယမန်နေ့ညနေ ၄ နာရီခွဲအချိန်က လက်မှတ်ရေးထိုးခဲ့ကြပြီး အဆိုပါ MoU တွင် ဘုံသဘောတူညီချက် ၂၃ ချက်ပါဝင်သည်ဟု ရှေ့သို့လှမ်းချီပါတီ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

၁။ အခြေခံဥပဒေအသစ်ရေးဆွဲရန်။   ။ ဒီမိုကရေစီစနစ် ပြန်လည်ထူထောင်ရေးအပါအဝင် ပြည်သူမှတိုက်ရိုက်ရွေးချယ်တင်မြှောက်ထားသော အခြေခံဥပဒေရေးဆွဲရေးလွှတ်တော်အမတ်များဖြင့် ပြည်သူ့အခြေပြု အခြေခံဥပဒေအသစ်တစ်ရပ် အမြန်ဆုံးရေးဆွဲပြဋ္ဌာန်းရန်။

၂။ နိုင်ငံရေး ထုတ်ဖော်ပြောဆိုခွင့်။   ။ လူ့အဖွဲ့အစည်းအတွင်း ရင်ကြားစေ့ရေးအတွက် နိုင်ငံရေးထုတ် ဖော်ပြောဆိုခွင့်နှင့်ပတ်သက်သောမှုခင်းများတွင် တရားမျှတမှုရရှိစေရေးအတွက် ပါတီအားလုံးက လွှတ်တော်လုပ်ထုံးလုပ်နည်းမှတဆင့် ပံ့ပိုးပေးရန်။

၃။ တန်းတူထိမ်းမြားခွင့်။   ။ တန်းတူထိမ်းမြားခွင့်ဥပဒေအား ထောက်ခံခြင်းနှင့်အတည်ပြုခြင်း ဖြင့် လိင်စိတ်ကွဲပြားသောစုံတွဲတိုင်း၏ထိမ်းမြားခွင့်ကို အာမခံချက်ပေးရန်၊ မိမိကိုးကွယ်ယုံကြည်သော ဘာသာရေးထုံးတမ်းနှင့်ဆန့်ကျင်သည်ဟု ယူဆသောသူများအား အတင်းအကျပ်သွတ်သွင်းမပြုရန်။

၄။ တရားစီရင်ရေး ပြုပြင်ပြောင်းလဲရန်။   ။ အစိုးရဝန်ထမ်း၊ ရဲ၊ စစ်တပ်နှင့် တရားရေးတို့၏ လုပ်ငန်း စဉ်များကို ဒီမိုကရေစီစနစ်နှင့်လိုက်လျောညီထွေမှုရှိစေရေး ပြုပြင်ပြောင်းလဲရန်၊ ပွင့်လင်းမြင်သာမှု ရှိသော၊ ခေတ်မီသော၊ အရည်အသွေးရှိသော၊ အများပြည်သူအတွက်အကျိုးရှိသော စသည့်အချက်များကို အခြေပြုပြီး ပြုပြင်ပြောင်းလဲရန်။

၅။ စစ်မှုထမ်းဥပဒေဖျက်သိမ်းရန်။   ။ မဖြစ်မနေစစ်မှုထမ်းသည့်စနစ်မှ မိမိဆန္ဒအလျောက် စစ်မှုထမ်းသည့်စနစ်ကို ပြောင်းလဲရန်။

၆။ တောင်ပိုင်းငြိမ်းချမ်းရေး။   ။ လူ့အခွင့်ရေးမူ၊ ဗဟုယဉ်ကျေးမှုလူအဖွဲ့အစည်းအတွင်း အတူတကွ ယှဉ်တွဲနေထိုင်မှု၊ ဘက်ပေါင်းစုံပါဝင်မှု စသည့်အချက်များကို အခြေပြုထားသော ရေရှည်တည်တံ့သော တောင်ပိုင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား တွန်းအားပေးရန်၊ လုံခြုံရေးအဖွဲ့အစည်းများ၏တာဝန် နှင့် လုံခြုံရေးဆိုင်ရာ တရားဥပဒေစိုးမိုးရေးတို့ကို ပြန်လည်သုံးသပ်ရန်။

၇။ အာဏာခွဲဝေမှု။   ။ ဒေသန္တရအထွေထွေအုပ်ချုပ်ရေးအဖွဲ့အစည်းများက အများပြည်သူ လိုအပ်ချက် ကို သင့်လျော်စွာ၊ အရည်အသွေးရှိစွာနှင့် အကျင့်ပျက်ခြစားမှုကင်းမဲ့စွာ တုံ့ပြန်နိုင်ရေးအတွက် တာဝန်နှင့် ဘတ်ဂျက်ကဏ္ဍ  အာဏာခွဲဝေမှုကို တွန်းအားပေးရန်။

 

 

၈။ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရန်။   ။ ပွင့်လင်းမြင်သာမှုရှိသော အစိုးရစနစ်နှင့်ယဉ်ကျေးမှုတစ်ရပ် တည်ဆောက်ခြင်းဖြင့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရန်၊ အစိုးရဌာနအားလုံး၏ အချက်အလက်များကို ချပြရန်။

၉။ စီးပွားရေပြန်လည်ထူထောင်ရန်။   ။ ပြည်သူ့ဝင်ငွေတိုးမြှင့်ခြင်း၊ လူတန်းစားကွာဟမှုလျှော့ချခြင်း၊ တရားမျှတမှုရှိစွာတိုးတက်သော စီးပွားရေးစနစ်တစ်ရပ်တည်ဆောက်ခြင်း စသည့်မူများကို အခြေပြုပြီး စီးပွားရေးပြန်လည်ထူထောင်ရန်။

၁၀။ စီးပွားရေးဆိုင်ရာဥပဒေ။   ။ အများပြည်သူ အသက်မွေးဝမ်းကျောင်းရေးနှင့် ရှင်သန်ရေးဆိုင်ရာ ဥပဒေများကို ပြန်လည်ခွဲခြမ်းစိတ်ဖြာရန်၊ ဥပမာ မလိုအပ်သော အသစ်ပြင်ဆင်ရေးအတွက် အခက်အခဲ ဖြစ်စေသော ခွင့်ပြုချက်စနစ်၊ လိုင်စင်စနစ် စသည်တို့ကို ပယ်ဖျက်ရန် လျှော့ချရန် ဆိုင်းငံ့ရန်၊ အသေး စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ (SME) ငွေကြေးချောင်လည်မှုရှိစေရေး အထောက်အကူ ပေးရန်၊ SME လုပ်ငန်းများ၏ GDP တိုးတက်မှုကို ရည်မျှော်ရန်၊ ထိုင်းထုတ်ကုန်နှင့် ကုန်ထုတ်လုပ်ငန်း ခိုင်မာရေးနှင့် ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေး အားပေးရန်။

၁၁။ လွတ်လပ်သောအရက်ဘီယာဈေးကွက်။   ။ စီးပွားရေးကဏ္ဍတိုင်းတွင် လက်ဝါးကြီးအုပ်စနစ်ဖျက်သိမ်းရန်၊ တရားမျှတသော ဈေးကွက်ပြိုင်ဆိုင်မှုစနစ် တည်ဆောက်ရန်၊ ဥပမာ အရက်ဘီယာ။

၁၂။ မြေယာစနစ်ပြုပြင်ပြောင်းလဲရန်။   ။ မြေယာစနစ်ပြုပြင်ပြောင်းလဲရေးဥပဒေနှင့် တရားမျှတသော မြေယာခွဲဝေပိုင်ဆိုင်မှုစနစ် အကောင်အထည်ဖော်ဆောင်ခြင်းဖြင့် မြေယာစနစ် အလုံးစုံပြုပြင်ပြောင်းလဲ ရန်၊ အများပြည်သူမြေယာနှင့် ထပ်နေသောအစိုးရသစ်တောနယ်နိမိတ်ပြသနာကို ဖြေရှင်းရန်၊ သစ်တောပြန်လည်သိမ်းယူရေးမူဝါဒကြောင့် ဖြစ်ပေါ်လာသော မှုခင်းများကို ပြန်လည်သုံးသပ်ရန်။

၁၃။ လျှပ်စစ်ဓာတ်အား မီတာခ။   ။ လုံခြုံသောစွမ်းအင်စနစ် တည်ဆောက်နိုင်ရေးနှင့် အများပြည်သူ လူနေမှုစရိတ် လျှော့ချနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစနစ်နှင့် မီတာခတွက်ချက်သည့် စနစ်တို့ကို ပြုပြင်ပြောင်းလဲရန်၊ သင့်လျော်မှုရှိသော ဓာတ်အားပမာဏ ထုတ်လုပ်ရန်။

၁၄။ ဘတ်ဂျက်အသစ်။   ။ သုညအခြေပြုဘတ်ဂျက်စနစ် (zero-based budgeting)ကို အခြေခံ၍ ဘတ်ဂျက်ပုံစီအသစ် ရေးဆွဲရန်။

 

 

၁၅။  လူမှုဖူလုံရေးနစ်။   ။ သင့်လျော်မှု နှင့် ရေရှည်ဘဏ္ဍာရေးတာဝန်ကို ရှေးရှု၍ အများပြည်သူအား မွေးကင်းစမှသည် အိုမင်းရင့်ရော်သည်အထိ စောင့်ရှောက်မှုပေးသော လူမှုဖူလုံရေးစနစ် တည်ဆောက် ရန်။

၁၆။ မူးယစ်ဆေးဝါး။   ။ မူးယစ်ဆေးဝါးပြဿနာ အရေးပေါ်ဖြေရှင်းရန်။

၁၇။ ဆေးခြောက်လွတ်လပ်ခွင့်။   ။ ဆေးခြောက်အား ဆိုးကျိုးပေးသော မူးယစ်ဆေးဝါးစာရင်းထဲသို့ပြန် လည်ထည့်သွင်းရန်၊ ဆေးခြောက်အသုံးပြုခြင်းကို ဥပဒေဖြင့် ထိန်းချုပ်ရန်။

၁၈။ စိုက်ပျိုးရေး။   ။ ဘေးအန္တရာယ်ကင်းရှင်းသော စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်း အကောင် အထည်ဖော်ရန်၊ တောင်သူလယ်သမားများ၏အကျိုးစီးပွားကို ထိန်းသိမ်းရန်၊ ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချရန်၊ ဈေးကွက်စီးပွားရေးစနစ်အကောင်အထည်ဖော်ရန်၊ နည်ပညာနှင့်ရေအရင်းအမြစ်လက်လှမ်း မီရေး အထောက်အကူပြုရန်၊ တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ထိန်းသိမ်းရေးနှင့် ထုတ်လုပ် မှုအစီအစဉ်ရေးဆွဲနိုင်ရေးအတွက် တောင်သူလယ်သမားများအား လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့် ပြုရန်၊ တန်းဖိုးမြှင့်နိုင်ရေးအတွက် စိုက်ပျိုးရေးထွက်ကုန် ကုန်ချောထုတ်လုပ်မှုလုပ်ငန်းကို အားပေးရန်။

၁၉။ ငါးဖမ်းလုပ်ငန်း။   ။ ငါးဖမ်းဥပဒေ ပြင်ဆင်ရန်၊ အတာအဆီးများ ဖယ်ရှားရန်၊ ကုစားရန်၊ ပြန်လည် ထူထောင်ရန်၊ ငါးဖမ်းအလုပ်အကိုင် ရေရှည်တည်တံ့စေရေး အဆင့်မြှင်တင်ရန်။

၂၀။ အလုပ်သမား အခွင့်အရေး။   ။ အလုပ်အကိုင်တိုင်းတွင် တရားမျှတသော အလုပ်ငှားရမ်းမှုဖြစ်ပေါ် လာစေရေးနှင့် တရားမျှတသော၊ လူနေမှုစရိတ်နှင့်လိုက်လျောညီထွေမှုရှိသော၊ စီးပွားရေးတိုးတက်နှုန်း နှင့်ဟန်ချက်ညီသော လုပ်ခလစာရရှိရေးအတွက် အလုပ်သမားအခွင့်အရေး မြှင့်တင်ရန်။

၂၁။ ပညာရေး ပြုပြင်ပြောင်းလဲရန်။   ။ ပညာရေးအရည်အသွေးမြှင့်တင်ရေး၊ ပညာရေးကွာဟမှု လျှော့ချရေးနှင့် ရာသက်ပန်သင်ယူလေ့လာရေးတို့ကို အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရန်။

 

 

၂၂။ အမှုန်-ကမ္ဘာကြီးပူနွေးမှုပြဿနာ ဖြေရှင်းရန်။   ။ အမှုန်ပြဿနာဖြေရှင်းနိုင်ရေးနှင့် ကာဗွန်ဒိုင် အောက်ဆိုဒ် အသားတင်ထုတ်လွှတ်မှုအား အမြန်ဆုံး သုညဖြစ်စေရေးအတွက် ပြည်တွင်းပြည်ပ အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်။

၂၃။ နိုင်ငံခြားဆက်ဆံရေး မူဝါဒ။   ။ ထိုင်းခေါင်းဆောင်၏ အာဆီယံဒေသတွင်းအခန်းကဏ္ဍကို ပြန်လည် ထူထောင်ရန်၊ ထိုင်းနှင့်အင်အားကြီးနိုင်ငံများအကြား ဆက်ဆံရေးအား သဟဇာတဖြစ်အောင် ထိန်းညှိ ရန်။

SHARE THIS NEWS

OTHER NEWS