ဘုရားပွဲအပြီး သာသနာရေးဝန်ကြီး ချက်ချင်းအဖြုတ်ခံရ
.
သြဂုတ် ၃ ရက်၊ ၂၀၂၃
.
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဦးဆောင်ဘုရားဒကာအဖြစ် ခံယူကာ နေပြည်တော်တွင် တည်ထားကိုးကွယ်သည့် ကျောင်းဆင်းတုဘုရားကြီး အနေကဇာတင်ပွဲအပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဖြစ်သူ ဦးကိုကို ရာထူးမှဖြုတ်ချခံလိုက်ရသည်။
ယခုလ ၁ ရက်နေ့က အကြီးအကျယ်ပြုလုပ်ခဲ့သော မာရဝိဇယအမည်ရ ကျောင်းဆင်းတုဘုရား အနေကဇာတင်ပွဲအပြီး နောက်တစ်ရက်တွင် စစ်ကောင်စီအဖွဲ့အချို့နှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ အနားပေးခံရစဉ် သာသနာရေးဝန်ကြီး ဦးကိုကိုလည်း ပါဝင်ခဲ့သည်။
သာသနာရေးဝန်ကြီး ဖြုတ်ခံရသည့်အကြောင်းရင်းကို မသိရသော်လည်း ဘုရားအနေကဇာပွဲအစီအစဉ်နှင့်သက်ဆိုင်နိုင်ကြောင်း မန္တလေးမြို့မှ အမည်မဖော်လိုသူ ဆရာတော်တစ်ပါးက မိန့်ဆိုသည်။
ဘုရားအနေကဇာတင်ပွဲ အဆုံးသတ်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ သီဟိုဠ်ပရိယတ္တိစာသင်တိုက် ဆရာတော်ဘဒ္ဒန္တ စန္ဒနသာရက ရေစက်ချတရားဟောရာ၌ မကောင်းသည့်အလုပ်ကို မလုပ်ရန်၊ ကောင်းသည့် အလုပ်ကို လုပ်ရန်၊ စိတ်ကိုဖြူစင်အောင်ထားရှိရန်ဆိုသော အချက်သုံးချက်သည်သာလျှင် ဗုဒ္ဓ၏အနှစ်ချုပ် တရားဖြစ်ကြောင်း ဟောကြားခဲ့သည်။
စစ်ကောင်စီ၏ အခမ်းအနားမှူးကို အကျဉ်းချုပ်တရားဟောရန် လျှောက် ထားရာ၌ သံဃမဟာနာယ ကဆရာတော်က စိတ်မရှည်ဟန်ဖြင့် လက်သုံးချောင်းထောင်ကာ အနှစ်ချုပ်တရားဟောခဲ့ခြင်းဖြစ်သည်။
ထို့ပြင် စစ်ခေါင်းဆောင်က ကျောက်ဆင်းတုဘုရားအနီး ထောင်ဂဏန်းရှိကျောက်စာတိုင်များ ထည့်သွင်းတည်ဆောက်ထားသော်လည်း မည်သူမှဖတ်ရှုလေ့လာမည် မဟုတ်ကြောင်းလည်း နာယကဆရာတော်က မိန့်ဆိုခဲ့သည်။
“တိုတိုလေးပဲ။ ဟောဒီရှေ့မှာ ကျောက်စာတိုက်တွေရှိတယ်။ …ဘယ်သူမှလည်း သွားကြည့်၊ မဖတ်တတ်ဘူး။ ဖတ်လည်းမဖတ်ချင်ဘူး။ ဖတ်တော့လည်း နားမလည်ဘူး။ ဖတ်ဖို့လည်း အချိန်မရှိဘူး။ …ကျောက်စာအချပ်ရေ ၁၄၀၀ ကျော်ကို အနှစ်ချုပ်လိုက်မယ်ဆိုရင် ဗုဒ္ဓတရားတော်တွေဟာ လိုက်နာစရာ အချက်သုံးချက်တည်းပါပဲ”
သံဃမဟာနာယကအဖွဲ့ ဒုဥက္ကဋ္ဌဆရာတော် ဟောကြားခဲ့ခြင်းမှာ မည်သူ့ကိုမှသာစေနာစေ သဘောမျိုးမဟုတ်ဘဲ ဘုရားရှင်အဆက်ဆက် ဆုံးမဩဝါဒတရားကိုသာ လိုရင်းဟောခဲ့ခြင်းသာဖြစ်သည်ဟု မန္တလေးမြို့မှ ဆရာတော်က ဆိုသည်။
“ဘုရားရဲ့အဆုံးအမပေါ့နော်။ ဧတံဗုဒ္ဓါန သာသနံ၊ ဒါဟာ ဘုရားအဆက် ဆက်ရဲ့ ဆုံးမဩဝါဒသာ ဖြစ်တယ်။ ဒါက ဗုဒ္ဓနည်းလမ်းကျပဲ ပြောတာ။ မြှောက်ပေးတာ မပါဘူး။ ဓမ္မစဉ်အတိုင်းသွားတယ်။ မြှောက်တာလည်းမပါသလို ခြောက်တာလည်း မပါဘူး။ မြှောက်စားမှု ချီးမွမ်းမှုမပါလို့ အရေးယူချင်တယ်ဆိုလည်း ယူမှာပေါ့။ ပြောရတာ မဟုတ်ဘူး”
.
.
မူရင်း : Myanmar Now
.
Myanmar Live မှ သတင်းများကို အောက်ပါပလက်ဖောင်းများတွင် စောင့်ကြည့်နိုင်ပြီ
Twitter : https://bit.ly/3gGOuaL
Instagram : https://bit.ly/3HPR8a3
TikTok : https://bit.ly/3oLirLd
Youtube : https://bit.ly/34F5F9Z
.