29 April 2024

ဓာတ်ပုံ Manager Online

 

အောက်တိုဘာ ၄ ရက်၊ ၂၀၂၁

 

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့တွင် ရွှေ့ပြောင်းလုပ်သားများကို ၃ ရက်ကြာ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ၊ လုပ်သားများအလုံးအရင်းဖြင့်လာရောက်ထိုးနှံမှုခံယူ။

 

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့၊ ဝပ်ဖရွမ်ဝိဟန်းစာသင်ကျောင်းဟောခန်းတွင် ကာကွယ်ဆေးစုရပ်ဖွင့်လှစ်ပြီး ရွှေ့ပြောင်းလုပ်သားများကို ၃ ရက်ကြာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်ဟု Manager Online သတင်းဌာနမှဖော်ပြထားသည်။

 

ထိုသို့ထိုးနှံပေးရာတွင် အောက်တိုဘာ ၄ ရက်နေ့တွင် ၁,၂၀၀ ဦး၊ အောက်တိုဘာ ၅ ရက်နေ့တွင် ၁,၂၀၀ ဦး၊ အောက်တိုဘာ ၆ ရက်နေ့တွင် ၇၀၀ ဦးထိုးနှံပေးသွားမည်ဟု ဖော်ပြထားသည်။

 

 

ကာကွယ်ဆေးထိုးနှံပေးသည့်ပထမနေ့တွင် ရွှေ့ပြောင်းလုပ်သားများအပါအဝင် တောင်ပေါ်သားကတ်ဟု လူသိများသော “၀” ကတ်၊ “၆” ကတ်နှင့် “၈” ကတ် ကိုင်ဆောင်ထားသူများလည်း အလုံးအအရင်းဖြင့်လာရောက်ထိုးနှံမှုခံယူခြင်းကြောင့် ကိုဗစ်-၁၉ အစုအပြုံလိုက်ကူးစက်ပြန့်ပွားမှုဖြစ်နိုင်ခြေကိုလျှော့ချနိုင်ရန်အတွက် တာဝန်ရှိသူများမှ စနစ်တကျတန်းစီခိုင်းသောစနစ်ဖြင့် အရေးပေါ်ဖြေရှင်းခဲ့ရပြီး တစ်ဦးချင်းစီကို ATK ကိရိယာဖြင့် ကိုဗစ်-၁၉ စစ်ဆေးမှုပြုလုပ်ခဲ့ရသည်ဟု သိရသည်။

 

တချိန်တည်းတွင် ရွှေ့ပြောင်းလုပ်သားမြောက်များစွာကို ကိုဗစ်-၁၉ စစ်ဆေးပေးရ၍ ATK မလုံလောက်သည့်ပြဿနာနှင့်ရင်ဆိုင်နေရပြီး ချင်းရိုင်ခရိုင် ရွှေ့ပြောင်းလုပ်သားကူးညီရေးဗဟုဌာနမှ ATK ကိရိယာများကိုအလှူခံလျက်ရှိသည်ဟု ဆိုသည်။

 

 

ATK ကိရိယာလှူဒါန်းလိုသည့်စေတနာရှင်များအနေဖြင့် အမှတ် ၈၆၈/၇၊ ဖဟွန်ယိုထင်လမ်း၊ ဝီယန်ကျေးရွာအုပ်စု၊ ချင်းရိုင်မြို့နယ်၊ ချင်းရိုင်ခရိုင် ၅၇၀၀၀ ဖုန်း ၀၉-၅၄၄၉-၃၀၇၀ သို့ဆက်သွယ်လှူဒါန်းနိုင်ပြီးထိုင်းစကားမပြောနိုင်သည့်သူများအနေဖြင့် မြန်မာဘာသာပြန်ဖုန်း ၀၉-၀၀၅၆-၆၈၁၆ သို့ဆက်သွယ်ပြီးဘဝတူများအတွက်လှူဒါန်းနိုင်သည်ဟု ဖော်ပြထားသည်။

 

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS