6 May 2024

အောက်တိုဘာ ၄ ရက်၊ ၂၀၂၁

 

လက်နက်ကိုင်တိုက်ပွဲတွေကြောင့် နေအိမ်တွေကို စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ကလေးသူငယ်ဦးရေ ၇၆,၀၀၀ ကျော်ထိ ရှိလာခဲ့ပြီလို့ Save the Children အဖွဲ့က ထုတ်ပြန်ပါတယ်။

 

ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ပြီး စစ်တပ်က မတရားအာဏာ သိမ်းခဲ့ချိန်ကစပြီး နိုင်ငံတဝန်း ဒေသတော်တော်များများမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား ပဋိပက္ခတွေ၊ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေတာပါ။

 

တိုက်ပွဲကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ကလေးသူငယ်တွေထဲက အများစုကတော့ မိုးထဲ လေထဲ တောထဲမှာ ဘာမှမရှိဘဲ တာပေါ်လင်စထိုး၊ အမိုးအကာလုပ် နေထိုင်နေကြရသလို မိသားစု အများစုကတော့ စားနပ်ရိက္ခာပြတ်လပ်မှု အခက်အခဲတွေနဲ့ တရက်ကို တနပ်သာ စားသောက်နေထိုင်ကြရပါတယ်။

 

လက်ရှိအချိန်ထိ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသူ အရေအတွက်ကတော့ ၂၀၆,၀၀၀ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ ကယား ပြည်နယ်ကတော့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရတဲ့ ဗဟိုချက်တခုလို ဖြစ်ခဲ့ပြီး စက်တင်ဘာ တလတည်းမှာတင် လူပေါင်း ၂၂,၀၀၀ လောက် ထွက်ပြေးခဲ့ကြရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ကလေးသူငယ် ၂၉,၀၀၀ ကျော်၊ လူပေါင်း ၇၉,၀၀၀ ကတော့ ရွှေ့ပြောင်းနေ ထိုင်နေကြရပြီး ဒီးမော့ဆိုမြို့နယ်တခုတည်းမှာတင် ပြီးခဲ့တဲ့လအတွင်းက ပြင်းထန်တဲ့ တိုက်ပွဲတွေ ကြောင့် ဒေသတခုလုံးနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

.

လတ်တလောမှာတော့ စားနပ်ရိက္ခာနဲ့ အသက်ကယ် ၀န်ဆောင်မှုတွေ လက်လှမ်းမမီနိုင်တာကြောင့် ပိတ်ဆို့ခံထားရတဲ့ စစ်ဘေးရှောင် မိသားစုတွေဟာ ထမင်းတမျိုးတည်းသာ စားသောက်နေကြရတာတွေ ရှိနေတယ်လို့ သိရပါတယ်။

 

ကိုချစ် ဇွဲကပင်မြေ Ref: DVB News ဓါတ်ပုံ – Salween Press

SHARE THIS NEWS

OTHER NEWS