2 May 2024

ထိုင်းနိုင်ငံတွင် အာဖရိကဝက်အပြင်းဖျားရောဂါ ASF တွေ့ရှိသည်ဟု ထိုင်းမွေးမြူရေးညွှန်ကြားရေးမှူးချုပ်က ပြီးခဲ့သည့်ဇန်နဝါရီလ ၁၁ ရက်နေ့တွင် အတည်ပြု။ ဝက်မွေးမြူရေးလုပ်ငန်းတစ်ခုလုံးအပေါ် ဘတ် ၅၅ ဘီလျံထိလိုက်နိုင်ခြေရှိ။

ထိုင်းနိုင်ငံတွင် အာဖရိကဝက်အပြင်းဖျားရောဂါ ASF ကူးစက်မှုနှင့်ပတ်သက်ပြီး နှစ်ဝက်ခန့်ဖုံးဖိထားပြီးနောက် ထိုင်းနိုင်ငံအလယ်ပိုင်း နခေါ်ပထုမ်ခရိုင်ရှိ သားသတ်ရုံတစ်ခုတွင် အာဖရိကဝက်အပြင်းဖျားရောဂါ ASF တွေ့ရှိခဲ့သည်ဟု ထိုင်းမွေးမြူရေးဦးစီးဌာနက ဇန်နဝါရီ ၁၁ ရက်နေ့တွင်အတည်ပြုခဲ့သည်။

ဝက်သားနမူနာ ၃၀၉ ခုအနက် ၁ ခုတွင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ထိုင်းအမျိုးသားကျန်းမာရေးအင်စတီကျု၏ဓာတ်ခွဲခန်းမှစစ်ဆေးအတည်ပြုခဲ့ကာ နိုင်ငံတကာတိရစ္ဆာန်ကူးစက်ရောဂါအဖွဲ့ချုပ် (OIE) ထံအစီရင်ခံသွားမည်ဟု ဆိုသည်။

နောက်ဆုံးရအချက်အလက်အရ ထိုင်းနိုင်ငံတွင် ဝက်မွေးမြူရေးလုပ်ငန်းရှင် ၁၈၇,၂၇၂ ဦးရှိပြီး အသေး စားလုပ်ငန်းရှင် ၁၈၄,၀၉၁ ဦးမှ အသားတိုးဝက်အကောင်ရေ ၂ သန်းကျော်၊ မျိုးဝက်အကောင်ရေ ၄ သိန်းနီးပါး၊ ဝက်သားပေါက်အကောင်ရေ ၇ သိန်းနီးပါးမွေးမြူထားပြီး အကြီးစားလုပ်ငန်ရှင် ၃,၁၈၁ ဦးမှ အသားတိုးဝက်အကောင်ရေ ၆ သိန်းနီးပါး၊ မျိုးဝက်အကောင်ရေ ၇ သိန်းနီးပါး၊ ဝက်သားပေါက်အကောင်ရေ ၁ သန်းခွဲကျော် မွေးမြူထားသည်ဟု ဆိုသည်။

မွေးမြူထားသည့်ဝက်အားလုံး၏ ၃၀ ရာခိုင်နှုန်းတွင် ASF ကူးစက်ရောဂါဖြစ်ပွားလျင် ထိခိုက်မှု ဘတ် ၁၇ ဘီလျံနီးပါးရှိမည်၊ ဝက်အားလုံး၏ ၅၀ ရာခိုင်နှုန်းတွင်ကူးစက်မှုဖြစ်လျင် ထိခိုက်မှု ဘတ် ၂၈ ဘီလျံနီးပါးရှိမည်၊ ၈၀ ရာခိုင်နှုန်းကူးစက်ခဲ့လျင် ၄၄ ဘီလျံခွဲနီးပါးထိခိုက်မှုရှိမည်၊ ၁၀၀ ရာခိုင်နှုန်းကူးစက်မှုဖြစ်ခဲ့လျင် ဘတ် ၅၅.၅ ဘီလျံထိခိုက်မှုရှိမည်ဟု ခန့်မှန်းထားသည်။

ထိုင်းနိုင်ငံတွင် ASF ကူးစက်မှုဖြစ်သည်ဟုအတည်ပြုလိုက်သည့်အတွက် ဝက်ခုတ်သား၊ ဝက်ပြုပြင်အသားတင်ပို့မှုကိုရပ်ဆိုင်းထားရမည်ဖြစ်၍ ဘတ် ၆ ဘီလျံခန့်ထိခိုက်မှုရှိမည်ဟုခန့်မှန်းထားသည်။ (၁၀၀ ရာခိုင်နှုန်းကူးစက်မှု)

တချိန်တည်းတွင် ဝက်အရှင်တင်ပို့မှုကိုလည်းရပ်ဆိုင်းထားရမည်ဖြစ်၍ ဘတ် ၆ ဘီလျံထိခိုက်မှုရှိမည်ဟုခန့်မှန်းထားသည်။ ဝက်အရှင်များကို ဗီယက်နမ်၊ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယား စသည့်အိမ်နီးချင်းနိုင်ငံများသို့အဓိကတင်ပို့နေသည်ဟု ဆိုသည်။ (၁၀၀ ရာခိုင်နှုန်းကူးစက်မှု)

ထို့နောက် တိရစ္တာန်အစာထုတ်လုပ်ရေးလုပ်ငန်းများအပေါ် ဘတ် ၆၆.၆ ဘီလျံကျော်ထိခိုက်မှုရှိနိုင်ပြီးတိရစ္ဆာန်ဆေးဝါးလုပ်ငန်းများအပေါ် ဘတ် ၃.၅ ဘီလျံထိခိုက်မှုရှိနိုင်သည်ဟု ဆိုသည်။ (၅၀ ရာခိုင်နှုန်း ကူးစက်မှု)

မည်သို့ဆိုစေ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်များတွင် ဝက်အကောင်ရေ ၁၂၂,၆၃၁ အတွက်အစိုးရမှဝက်မွေးတောင်သူများကို လျော်ကြေးငွေ ဘတ် ၄၆၇ သန်းပေးလျော်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ဝက်အကောင်ရေ ၁၉,၇၆၀ အတွက် လျော်ကြေးငွေ ၉၃ သန်းပေးလျော်ခဲ့သည်ဟု သိရသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS