3 May 2024

,

အာရှဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲနောက်ဆုံးအဆင့်ကိုတက်ရောက်နိုင်ခဲ့တဲ့ အာဆီယံရဲ့တစ်သင်းတည်းသော ဗီယက်နမ်အသင်း ခြေစစ်ပွဲအောင်ဖို့မျှော်လင့်ချက် ကုန်ဆုံး။

ဇန်နဝါရီ ၂၇ ရက်နေ့ညနေက ပွဲစဉ် ၇ အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဩစတြေးလျအသင်းနဲ့ဗီယက်နမ်အသင်းတို့ရဲ့ပွဲစဉ်မှာ အိမ်ရှင်ဩဇီးအသင်းက ၄-၀ နဲ့ဂိုးပြတ်အသားစီးရခဲ့တဲ့နောက်မှာ အာဆီယံကိုယ်စားပြု ဗီယက်နမ်အသင်းအတွက် ကမ္ဘာ့ဖလားအိမ်မက်ပျက်စီးခဲ့ပါတယ်။

၇ ပွဲကစားပြီးတဲ့အထိ ရမှတ်မရှိသေးတဲ့ ဗီယက်နမ်အသင်းဟာ အုပ်စုတွင်း တတိယနေရာကိုပိုင်ဆိုင်ထားတဲ့ ဩဇီးအသင်းနဲ့ ၁၄ မှတ်နောက်ကျကျန်ခဲ့ပြီး ထပ်မံယှဉ်ပြိုင်ဖို့ ၃ ပွဲသာကျန်တော့တာကြောင့်ကံကောင်းထောက်မလို့ ၃ ပွဲစလုံးနိုင်ခဲ့ရင်တောင် ၉ မှတ်ပဲရရှိမှာဖြစ်လို့ ကမ္ဘာ့ဖလားဝင်ခွင့်လက်မှတ်ကိုလက်လွတ်ခဲ့ရပါတယ်။

ရွှေကြယ်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလား အာရှဇုန်ခြေစစ်ပွဲ နောက်ဆုံးအဆင့်မှာ ဆော်ဒီအာရေဗျ၊ ဂျပန်၊ ဩစတြေးလျ၊ အိုမန်၊ တရုတ် စတဲ့အသင်းတွေနဲ့အတူ အုပ်စု (ခ) မှာကျရောက်ခဲ့ပြီး ၇ ပွဲကစား၊ ၇ ပွဲရှုံး၊ ရဂိုး ၄ ၊ ပေးဂိုး ၁၆ စွမ်းဆောင်နိုင်ခဲ့တာကြောင့် အသင်းအတွက်ဆိုးရွားတဲ့စံချိန်တစ်ခုလို့ မှတ်ယူနိုင်ပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲဝင်ခွင့်လက်မှတ်ကို ပိုင်ဆိုင်နိုင်ဖို့အတွက် အာဆီယံဘောလုံးလောကကို သည့်ထက်မကထပ်မံမြှင့်တင်ဖို့လိုနေတယ်ဆိုတာ သက်သေပြနေပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS