10 May 2024

ကိုဗစ်-၁၉ ကူးစက်ခံရပြီးနောက် ၁ လ မှ ၆ လအကြာတွင် ဦးနှောက်စွမ်းဆောင်ရည်ကျဆင်းသည့်ရောဂါလက္ခဏာခံစားရဟု ထိုင်းကုသရေးညွှန်ချုပ် ဆို။

ကိုဗစ်-၁၉ ကူးစက်ခံရပြီး ကုသပျောက်ကင်းသွားသည့်လူနာတချို့တွင် ၁ လ မှ ၆ လအတွင်း ဦီးနှောက်စွမ်းဆောင်ရည်ကျဆင်းသည့် နောက်ဆက်တွဲရောဂါလက္ခဏာတချို့ကို တွေ့ရှိရသည်ဟု ထိုင်းကုသရေးညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဆွမ်းစတ် အာခစင်း ကဆိုသည်။

ဦးနှောက်စွမ်းဆောင်ရည်ကျဆင်းခြင်းကြောင့် အာရုံစိုက်နိုင်မှုအားနည်းခြင်း၊ ဆုံးဖြတ်နိုင်စွမ်းကျဆင်းလာခြင်း၊ အစီအစဉ်ဆွဲနိုင်ခြင်းနှင့်ယာယီမှတ်ဉာဏ်ကျဆင်းခြင်းများကို ခံစားရသည်ဟု ဆိုသည်။

ဦးနှောက်ထိုင်းမှိုင်းနေခြင်း၊ ထုံထိုင်းနေခြင်း၊ လေးလံထိုင်းမှိုင်းနေခြင်း စသည့်လက္ခဏာများကြောင့် အာရုံစိုက်နိုင်မှုအားနည်းပြီး နေ့စဉ်လုပ်ငန်းဆောင်တာ၊ အလုပ်အကိုင်နှင့်လူမှုဆက်ဆံရေးအပေါ်သက်ရောက်မှုရှိစေ၍ ရေရှည်ဆိုးကျိုးဖြစ်နိုင်သည်ဟု ဆိုသည်။

လူနာတွင် ဦးနှောက်သွေးကြောရောဂါကဲ့သို့ ဦးနှောက်နှင့်အာရုံကြောဆိုင်ရာရောဂါအခံရှိနေခြင်း ဉီးနှောက်စွမ်းဆောင်ရည်ကျဆင်းစေသည့်အကြောင်းရင်းများကြောင့် အာရုံကြောပညာရှင် ဒေါက်တာထနင် ဝိဇ္ဇာဖိနန် ကဆိုသည်။

အထူးသဖြင့် သက်ကြီးရွယ်အိုများတွင် ရုတ်တရုက်ကိုဗစ်-၁၉ ကူးစက်ခံရပြီး အခြေအနေပြင်းထန်သည့်အခါ ကိုယ်တွင်းအောက်ဆီဂျင်ဓာတ်ကိုကျဆင်းစေခြင်းကြောင့် လူနာကိုစိတ်ကျရောဂါနှင့်စိုးရိမ်ကြောင့်ကြသည့်ရောဂါတို့ကို ခံစားစေရပြီးနောက်တွင် ဦးနှောက်စွမ်းဆောင်ရည်ကိုကျဆင်းလာစေသည်ဟု ၎င်းကဆိုသည်။ သို့သော် အချိန်ကာလတစ်ခုတွင် အလိုလိုပျောက်ကင်းနိုင်သည်ဟု ဆိုသည်။

ယင်းရောဂါလက္ခဏာများကိုခံစားရသည့်အခါ အာဟာရဓာတ်ပြည့်ဝအောင်စားပေးခြင်း၊ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း၊ အိပ်ရေးဝအောင်အိပ်စက်ပေးခြင်း၊ ဦးနှောက်ကိုလှုံ့ဆော်ပေးသည့်လှုပ်ရှားမှုများပြုလုပ်ပေးခြင်း၊ ကိန်းဂဏန်းတွက်ချက်ပေးခြင်း၊ တရားထိုင်ခြင်း၊ စိတ်ရွှင်လန်းစေသည့်ဝါသနာပါရာအလုပ်များလုပ်ပေးခြင်း စသည်တို့ကိုပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ဦးနှောက်နှင့်အာရုံကြောကိုပြန်လည်ကောင်းမွန်လာစေပြီး အချိန်တိုအတွင်းပျောက်ကင်းနိုင်သည်ဟု ဆိုသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS