9 May 2024

အခကြေးငွေ ၅၀၀ ဘတ်ရယူပြီး Call Center လူလိမ်ဂိုဏ်းကို အမည်ခံဘဏ်အကောင့်ဖွင့်ပေးသူ အသက် ၂၄ နှစ်ရှိထိုင်းအမျိုးသမီး ထောင်ချခံရ။

အခကြေးငွေ ၅၀၀ ဘတ်ရယူပြီး Call Center လူလိမ်ဂိုဏ်းတစ်ခုကို အမည်ခံဘဏ်အကောင့်ဖွင့်ပေးသူ အသက် ၂၄ နှစ်ရှိထိုင်းအမျိုးသမီးတစ်ဦးကို ထိုင်းတရားရုံးက ထောင်ဒဏ်ချမှတ်လိုက်သည်ဟု ထိုင်းရှေ့နေ့တစ်ဦးဖြစ်သူ Narupdintra Srisiwara က ၎င်း၏လူမှုကွန်ရက်အကောင့်တွင် သတိပေးဖော်ပြထား သည်။

ပြီးခဲ့သည့် ဇန်နဝါရီလတွင် Chatwarun ဆိုသူအမျိုးသမီးတစ်ဦးက လိုတဝမ်ဟင်ရှိဘဏ်ခွဲတစ်ခုတွင်အမည်ခံဘဏ်အကောင့်ဖွင့်ပေးရန်ဘတ် ၅၀၀ ဖြင့်ငှားရမ်းခဲ့ပြီးနောက် ဘဏ်စာအုပ်နှင့်အေတီအမ်ကတ်တို့ကို တခါတည်းသိမ်းယူသွားသည်ဟု အသက် ၂၄ ရှိ Supawan ကထွက်ဆိုသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်နေ့က Anongnuch Namwongsa ဆိုသူထိုင်းအမျိုးသမီးကိုCall Center လူလိမ်ဂိုဏ်းတစ်ခုက ထိုင်းဘတ်ငွေ ၂ သန်းကျော် (၂,၀၈၈,၀၀၁) လိမ်လည်ခဲ့ပြီးနောက် ကိုစွမ်းဖိစိုင်းနယ်မြေရဲစခန်းတွင် သွားရောက်အမှုဖွင့်ခဲ့ရာက ထိုင်းဆိုက်ဘာမှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့-၃က ငွေလက်ခံသည့်ဘဏ်အကောင့်ပိုင်ရှင်ဖြစ်သူ Supawan ကိုဖမ်းဆီးနိုင်ခဲ့ပြီး စုံစမ်းစစ်ဆေးရေးအရာရှိထံ လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။

ယင်းငွေများကို ငှားရမ်းသူထံ အကုန်လွှဲပြောင်းပေးလိုက်ပြီဟု Supawan ကထွက်ဆိုထားသည်။

အမည်ခံဘဏ်အကောင့်ဖွင့်ပေးခြင်း သို့မဟုတ် တပါးသူအားငွေလွှဲလာပေးရန်လိမ်လည်မှုသည် ထိုင်းငွေကြေးခဝါချမှုတားဆီးနှိမ်နင်းရေးအက်ဉပဒေ ဘီအီး ၂၅၄၂၊ ပုဒ်မ ၆၀ အရ ထောင်ဒဏ် ၁ နှစ်မှ ၁၀ နှစ်၊ ငွေဒဏ် ၂ သောင်းမှ ၁ သိန်း သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်လုံးချမှတ်နိုင်သည်ဟု သိရသည်။

ထိုင်းလူမျိုးဖြစ်စေ မြန်မာလူမျိုးဖြစ်စေ ထိုင်းရောက်ရွှေမြန်မာတစ်ဦးတစ်ယောက်ကို အမည်ခံ ဘဏ်အကောင့်ဖွင့်ပေးဖို့ကမ်းလှမ်းလာလျင် မသိလို့ပဲဖြစ်ဖြစ် ပိုက်ဆံရချင်လို့ပဲဖြစ်ဖြစ် မလုပ်မိကြဖို့ သတိပေးလိုပါတယ်။

ပေါက်ဖော် (လားရှိုး)

SHARE THIS NEWS

OTHER NEWS