29 April 2024

၂၀၂၂ ခုနှစ်အတွင်း ၄ နှစ်ပြည့်သည့် သုံးနိုင်ငံ MoU လုပ်သားများကို နေရပ်ပြန်ရန်မလိုဘဲ ထိုင်းတွင်သက်တမ်းတိုးခွင့်ပြုလိုက်ပြီး သက်တမ်းကျော်လွန်သူများကို ၆ လဖြေလျှော့ခွင့်ပေးလိုက်ပြီဟု ထိုင်းအလုပ် သမားဝန်ကြီး ဆို။

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်း ၄ နှစ်ပြည့်သည့် မြန်မာ၊ လာအို နှင့် ကမ္ဘောဒီးယားလုပ်သားများကို ခရီးသွားလာရေးအခက်အခဲကြောင့် နေရပ်ပြန်စရာမလိုဘဲ ထိုင်းနိုင်ငံ တွင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ဝေါ့ပါမစ်) နှင့် နေထိုင်ခွင့်ဗီဇာ သက်တမ်းတိုးခွင့်ပြုလိုက်သည့်အပြင်သက်တမ်းကျော်လွန်နေသော ၂၀၂၂ ခုနှစ်တွင် ၄ နှစ်ပြည့်သည့် MoU လုပ်သားများကိုလည်း သက်တမ်းတိုးနိုင်ရန်အတွက် ၆ လအထိဖြေလျှော့ခွင့်ပြုလိုက်ပြီဟု ထိုင်းအလုပ်သမားဝန်ကြီး စူချတ် ချွမ်ကလင်က ယမန်နေ့ (၁၅-၃-၂၀၂၂) တွင် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် နေထိုင်လုပ်ကိုင်နေသည့် ၄ နှစ်ပြည့် MOU လုပ်သားစုစုပေါင်း ၁၀၆၅၈၀ ဦးရှိပြီး မြန်မာလုပ်သား ၅၄၂၃၆ ဦး၊ ကမ္ဘောဒီးယားလုပ်သား ၂၆၈၄၀ ဦး၊ လာအိုလုပ်သား ၂၅၅၀၄ ဦးပါဝင်သည်ဟုဝန်ကြီးကဆိုသည်။

အဆိုပါလုပ်သားများသည် အထောက်အထားသက်တမ်းမကုန်ဆုံးမီ သက်တမ်းထိုးထားရမည်ဖြစ်ပြီးအထောက်အထားသက်တမ်းကုန်ဆုံးနေပြီဖြစ်သောသူများသည် ၆ လဖြေလျှော့ခွင့်ရထား၍ သက်တမ်းကုန်းဆုံးထားသည့်နေမှစပြီး ၆ လအတွင်းသက်တမ်းတိုးနိုင်သည်ဟု ဆိုသည်။

သက်တမ်းတိုးလိုသည့်ယင်းလုပ်သားအုပ်စုသည် ပထမဆုံးလုပ်ငန်းစဉ်အနေဖြင့် သတ်မှတ်ဆေးရုံတွင်ကျန်းမာရေးစစ်ဆေးခြင်းပြုရမည်ဟု ထိုင်းအလုပ်အကိုင်ရှာဖွေရေးညွှန်ကြားရေးမှူးချုပ် ကဆိုသည်။

ထို့နောက် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ဝေါ့ပါမစ်) လျှောက်ထားရမည်ဖြစ်ပြီး သက်တမ်း ၂ နှစ်ရရှိမည်ဟု ညွှန်ချုပ်ကဆိုသည်။ သို့သော် သက်တမ်းကုန်ဆုံးနေပြီဖြစ်သောလုပ်သားများသည် အလုပ်လုပ်ကိုင် ခွင့်ကျလာမှသာလျင် တရားဝင်လုပ်ကိုင်ခွင့်ရရှိမည်ဟု သတိပေးထားသည်။

တဆက်တည်းတွင် နေထိုင်ခွင့်ဗီဇာဆက်လက်လျှောက်ထားရမည်ဟု ဆိုသည်။ သို့သော် စာအုပ် သက်တမ်းကုန်ဆုံးနေလျှင် စာအုပ်သက်တမ်းအရင်တိုးပြီးမှသာ ဗီဇာလျှောက်ထားရမည်ဟု ဆိုသည်။ နေထိုင်ခွင့်ဗီဇာ ၂ နှစ်ထုတ်ပေးမည်ဟု သိရသည်။

နောက်ဆုံးလုပ်ငန်းစဉ်အနေဖြင့် ပန်းရောက်ဘတ်ကတ်ပြုလုပ်ရမည်ဟု ၎င်းကဆိုသည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS