28 April 2024

အမျိုးသမီး ၂ ဦးရဲ့အလောင်းကိုတောထဲမှာစွန့်ပစ်၊ ထိုင်းနိုင်ငံ ချိုင်နာ့ခရိုင်တွင်းမှာဖြစ်ပါတယ်။ အမျိုးသမီး ၂ ဦးက ထိုင်းကိုတရားမဝင်လာတဲ့ မြန်မာနိုင်ငံသားပါ။ လာရောက်စွန့်ပစ်တဲ့သူကို ထိုင်းရဲတွေကသဲလွန်စရလာပြီ၊ မြန်မာနိုင်ငံကနေ ဗန်ကောက်ကို ပြောင်းဖူးစေ့တင်ပို့တဲ့ ကုန်တင်ကားသမားဖြစ်ပါတယ်။ တစ်ခါခေါ်လာရင် အနည်းဆုံး ၁၀ ဦးဖြစ်ပြီး၊ ဒီတစ်ကြိမ်မှာတော့ မြန်မာအမျိုးသမီး ၂ သေဆုံးပြီး၊ အလောင်းကိုအစဖျောက်ဖို့ တောထဲမှာစွန့်ပစ်ထားခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြ!

အသက် ၂၀-၂၅ နှစ်ကြား သေဆုံးနေတဲ့ အမျိုးသမီး ၂ ဦးရဲ့အလောင်းကို ထိုင်းနိုင်ငံ ချိုင်နာ့ခရိုင် နွန်တတုံကျေးရွာနားမှာ မောက်လျက်အနေအထားဖြင့်စွန့်ပစ်ထားပါတယ်။ သေဆုံးနေတဲ့အလောင်းကိုတော့ ဘာဒဏ်ရာဒါဏ်ချက်မှ မရှိဘူးလို့သိရပါတယ်။ ဒါပေမဲ့ သေဆုံးနေတဲ့သူတွေမှာတော့ ဆံပင်နဲ့ဝတ်ထားတဲ့အဝတ်အစားတွေမှာ ပြောင်းဖူးစေ့တွေကပ်ပါလာတယ်လို့ ထိုင်းသတင်းတွေကဖော်ပြထားပါတယ်။

သေဆုံးသူမှာ သက်သေခံစာရွက်စာတမ်းတွေမတွေ့ရသလို၊ လွန်ခဲ့တဲ့ ၂ ရက်ကတည်းကသေဆုံးနေတာလို့ခန့်မှန်းထားကြပါတယ်။ သေဆုံးသူတွေရဲ့အနားမှာတော့ ဆယ်ဘီးကား ဘီးနေရာတွေ တွေ့ရတယ်လို့ သတင်းဖော်ပြချက်အရ သိရတာပါ။

၄င်းအမျိုးသမီး ၂ ဦးမှာ တခြားနေရာမှာသေဆုံးပြီး ပြောင်းဖူးစေ့တင်လာတဲ့ ကုန်တင်ကားကြီးက လာရောက်စွန့်ပစ်ထားတာဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက မှတ်ချက်တွေယူထားလိုက်ပြီး၊ သေဆုံးနေတဲ့ အမျိုးသမီး ၂ ဦးကလဲ တရားမဝင်လုပ်သားတွေဖြစ်လို့ သူတို့တွေကို ပြောင်းဖူးစေ့တွေကြား ပုန်းနေခိုင်းပြီးတော့ အသက်ရှူမဝဖြစ်ကာ သေဆုံးပြီနောက် အလောင်းကို အစဖျောက်ဖို့ ဒီနားမှာလာစွန့်ပစ်ထားတာဖြစ်မယ်လို့ အခင်းဖြစ်တဲ့နေရာကိုရောက်လာတဲ့ ထိုင်းရဲတွေကပြောပါတယ်။

စုံစမ်းမှုတွေအရ တရားခံဖြစ်သူဟာ တာ့ခ်ခ်ရိုင် မဲဆောက်မှာနေထိုင်တယ်လို့ သတင်းရရှိပြီနောက် သွားရောက်ဖမ်းလိုက်တယ်လို့ ရဲမှူးကြီး Chatpimook Meeuk ပြောခဲ့ပါတယ်။ တရားခံဟာ မြန်မာ ကနေ ဗန်ကောက်ကို ပြောင်းဖူးစေ့တင်ပို့တဲ့ ကုန်တင်ကားသမားတစ်ဦးဖြစ်ပါတယ်။

၄င်း ကုန်တင်ကားသမားကို ချိုင့်နာ့ခရိုင် စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့်အတူ ဟန်နမ့်စခွန်ရဲစခန်းက တရားခံဖမ်းဆီးလိုက်တာပါ။ ဖမ်းမိထားတဲ့ တရားခံကိုလဲ လူကုန်ကူးမှုဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ဆေးမှုများပြုလုပ်ပြီးနောက် တရားဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ သိရပါတယ်။

Andrew KV (ဇွဲကပင်မြေ)
ဓါတ်ပုံ – Thairath Online

SHARE THIS NEWS

OTHER NEWS