3 May 2024

ဇွန် ၁ ရက်၊ ၂၀၂၂

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် လည်ငေါက်ရွာတွင်း စစ်တပ်က ရွာဝင်ရောက်တပ်စွဲပြီး ရွာကိုမီးရှို့သွားတာကြောင့် ပြည်သူပိုင် နေအိမ် ၂၀၀ ခန့် မီးထဲပါသွားတယ်လို့ ဒေသခံ ပြည်သူများကပြောပါတယ်။

 

 

မေလ ၂၈ ရက်နေ့ နံနက် ၁၂ နာရီကျော် ခန့်က စတင်ကာ မီးရှို့ ဖျက်ဆီးသွားတာပါ။ မီးတွေလောင်နေတဲ့အချိန်မျာ စစ်တပ်ကရွာထဲက မထွက်သေးတော့ ရွာသားတွေထွက်ပြေးနေရလို့ နေအိမ်တွေ ၂၀၀ ကျော်လောက် ပါသွားတယ်လို့ သိရပါတယ်။

 

 

မြောင်မြို့နယ် ဇရပ်ကုန်းရွာကတော့ မေလ ၂၉ ရက်နေ့ နံနက် ၇ နာရီ ၃ဝ မိနစ်ခန့်က စတင်ကာ မီးရှို့ဖျက်ဆီးခံရတာပါ။ အဲဒီရွာမှာလဲပြည်သူပိုင် နေအိမ် ၁ဝဝ ခန့် မီးလောင်ပြာကျသွားတယ်လို့ မြောင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM ထံကသိရပါတယ်။

 

 

ထို့ပြင် ဇရပ်ကုန်းရွာနဲ့နီးတဲ့ တမဆေးကန်နှင့် မကျန်းကန်ကို ထပ်မံဝင်ရောက် စီးနင်း မီးရှို့ခဲ့ကာ ဒေသခံပြည်သူများဝင်ရောက် မီးမငြိမ်းရဲကြတော့ မီးလောင် ဆုံးရှုံးမှု များပြားနေတယ်လို့ သိရပါတယ်။

 

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာလဲ စစ်ကောင်စီတပ်များက ဝင်ရောက်မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာ စုစု ပေါင်း ၁၄ ရွာ ရှိလာပြီး အသက် ၃ နှစ်အရွယ်ကလေးငယ် အပါအဝင် သေဆုံးသူ ပြည်သူ ၃၉ ဦးအထိရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်ထံမှ သတင်းရရှိသည်။

 

 

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သရက်ကုန်းကျေးရွာတွင်းမှာတော့ မေလ ၃၀ ရက်နေ့မှာ နေအိမ်တချို့ မီးရှို့သွားတဲ့အပြင် စစ်ဘေးရှောင်ပြည်သူများကို လိုက်လံရှာဖွေတားဆီးပြီး တန်ဘိုးရှိ ပစ္စည်းများတွေကိုလဲ ရှာဖွေယူသွားကြတယ်လို့ သိရပါတယ်။

 

 

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်ရှိ မီးရှို့ဖျက်ဆီးခံရတဲ့ကျေးရွာ ၂ ရွာတော့ ကျွန်းတောကုန်းရွာနဲ့ အောင်ချမ်းသာရွာပါ။ကျွန်းတောကုန်းကတော့ ၁၀ အိမ်လောက် မီးလောင် ပြာကျသွားတယ်။ အောင်ချမ်းသာရွာကတော့ အိမ်အရေအတွက် မသိရသေးပါဘူး။

 

 

လက်ရှိအချိန်ထိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဒေသတွေမှာ အိမ်မှာမနေရဲကြတော့လို့ တော၊ တောင်၊ လျှိုမြောင်တွေနဲ့ နယ်စပ်သောင်းရင်းမြစ်တလျှောက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်တွေအတွက်စားရိက္ခာ၊ သောက်ရေသန့်၊ လုံခြုံတဲ့ အဆောက်အဦတွေနဲ့ ကျန်းမာရေးအတွက်ဆေးဝါးတွေ အရေးပေါ် လိုအပ်ချက်တွေရှိနေပါတယ်။

 

 

မိုးတွင်းကာလရောက်ရှိလာပြီဖြစ်တဲ့အတွက် မြန်မာနိုင်ငံက စစ်ရှောင်နေရသူတွေအတွက် စားနပ်ရိက္ခာ၊ သောက်ရေသန့်၊ လုံခြုံတဲ့ အဆောက်အဦတွေနဲ့ ကျန်းမာရေးအတွက်ဆေးဝါးတွေ အရေးပေါ် လိုအပ်ချက်တွေရှိနေတာပါ။

 

 

တောထဲမှာ စစ်ဘေးရှောင်ပြည်သူတွေဟာ မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးနေရတာတွေကြောင့် ငှက်ဖျားနဲ့ ဝမ်းပျက်ဝမ်းလျောရောဂါတွေခံစားနေကြရတဲ့အပြင် တီဘီရောဂါတွေပါ ခံစားနေကြရတယ်လို့ သိရပါတယ်။

ရောဂါတွေအဓိကခံစားနေရတဲ့သူတွေကတော့ ကလေးနဲ့သက်ကြီးရွယ်အိုတွေမှာအဖြစ်များပါတယ်။ မိုးတွင်းကာလ သယ်ယူပို့ဆောင်ရေးအတွက် သွားရေးလာရေး အခက်အခဲတွေကြောင့် အကူအညီပေးရေးအဖွဲ့တွေအနေနဲ့ အကူညီပေးနိုင်ဖို့ အခက်အခဲတွေရှိနေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ ကျူးကျော်တိုက်ပွဲတွေကြောင့် အိမ်မပြန်နိုင်သေးတဲ့ စစ်ရှောင် ပြည်သူတွေဟာ အခုမိုးဦးစ ရာသီမှာ ကျန်းမာရေးအတွက် လုံလောက်တဲ့ ဆေးဝါးမရှိဘဲ ဖြစ်နေကြပါတယ်။

မြန်မာ-ထိုင်း နယ်စပ် စစ်ဘေးလွတ်ကင်းနိုင်တဲ့ နေရာမှာ နေထိုင်နေတဲ့ စစ်ဘေးရှောင်တွေအများစုဟာ ယာယီတဲအိမ်တွေနဲ့ နေထိုင်နေကြတာဖြစ်လို့ မိုးရာသီရောက်လာတဲ့အခါ လေပြင်းဒဏ်မခံနိုင်လို့ ပျက်စီးမှုတွေလည်း ရှိပါတယ်။

စစ်ကောင်စီပူးပေါင်းတပ်တွေက ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတော့ အရပ်သားပြည်သူအမြောက်အများ နေအိမ်စွန်ခွာပြီး တော၊ တောင်၊ လျှိုမြောင်တွေနဲ့ နယ်စပ်သောင်းရင်းမြစ်တလျှောက် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

DVB သတင်းဌာနဲ့ Khit Thit Media ကအချက်အလက်များကို ဖော်ပြပေးထားတာပါ။

ဓါတ်ပုံ – Cj

Andrew KC (ဇွဲကပင်မြေ)

SHARE THIS NEWS

OTHER NEWS