27 April 2024

ဇွန် ၂၉ ရက်၊ ၂၀၂၂

ဥကရစ်ထခြေကုတ်စခန်းကိုတက်သိမ်းတဲ့နေရာမှာ တိုက်ပွဲတွေ ၄ ရက်ဆက်တိုက်ပြီးဖြစ်ပွားပြီး၊ ဒေသခံတွေများစွာထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ထိုင်းနဲ့နီးစပ်တဲ့ဒေသခံကရင်တိုင်းရင်းသားတွေမှာ ထိုင်းကိုစစ်ရှောင်လာရပြီး၊ တချို့က ပိတ်မိတာလဲရှိနေတယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။

ဇွန်လ ၂၈ ရက်မှာ ဥကရစ်ထခြေကုတ်စခန်းကို တက်သိမ်းနိုင်ပြီဟု သတင်းတွေထွက်ပေါ်လာပေမယ့်၊ ဇွန်လ ၂၉ ရက်နေ့မှာတော့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ အဲနားမှာနေထိုင်တဲ့သူတွေကပြောပါတယ်။

စစ်ကောင်စီဘက်က တိုက်လေယာဉ်ကိုအသုံးပြုပြီး လာရောက်ပစ်ခတ်နေပါတယ်။ ဥကရစ်ထတိုက်ပွဲမှာဆိုရင် တိုက်လေယာဉ်နဲ့လာကူပစ်တာ ၄ ကြိမ်ရှိပြီလို့သိရပါတယ်။ ဇွန်လ ၂၉ ရက်နေ့ မနက်ပိုင်းအချိန်လောက်စကပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဥကရစ်ထစခန်းကို အင်အားဖြည့်တင်းလာပြီး ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်။

ဒီကနေ့အင်အားဖြည့်တင်းလာသော စစ်ကောင်စီတပ်နှင့် စစ်တပ်ဘက်မှ BGF တပ်ဖွဲ့များ၊ စောစတီးဦးဆောင်သော DKBA တပ်ဖွဲ့များက စစ်ကူပေးခြင်းများ၊ လေကြောင်းမှ တိုက်လေယာဉ်များဖြင့် ရက်ဆက် ပစ်ကူပေးခြင်းများ၊ ၃ မိုင်ခွဲ ဝန်းကျင်အကွာ ဝေါလေဗျူဟာကုန်းမှာ လက်နက်ကြီးများ တရစပ် ပစ်ကူပေးခြင်းများကြောင့် နှစ်ဖက်အကျအဆုံး များပြားနေတယ်လို့ သတင်းရင်းမြစ်များကပြောပါတယ်။

ဇွန်လ ၂၈ ရက်နေ့ ဥကရစ်ထစခန်းသိမ်းတိုက်ပွဲမှာ ပြည်တွင်းစစ်ဖြစ်နေပေမယ့်၊ စစ်ကောင်စီတပ်က လေကြောင်းမှတဆင့် ၁၁ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လက်ရှိမှာလဲ တိုက်လေယာဉ်ကိုအသုံးပြုပြီးလာပစ်နေသေးတယ်လို့ အဲဒီမှာနေတဲ့သူတွေကပြောပါတယ်။ ၄ ရက်တာ တိုက်ပွဲတွင် ကရင်ပူးပေါင်းတပ်ဖွဲ့ဘက်မှ အနည်းဆုံး ၈ ဦး ကျဆုံးကာ ၂၀ ဦးခန့် ဒဏ်ရာရကြောင်း KNDO ရှေ့တန်းစစ်မြေပြင် သတင်းရင်းမြစ်များကပြောပါတယ်။

စခန်းတက်သိမ်းတဲ့နေရာက ကျဆုံးသွားတဲ့ ကရင်ပူးပေါင်းတပ်ဖွဲ့ဘက်မှ လူရွှင်တော် အီကြာကွေးကျဆုံးသွားတယ်လို့ VENOM Commando ARMY ဖေ့ဘွတ်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ကရင်တိုင်းသားဒေသခံများမှာဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး သူတို့တွေအတွက် အရေးပေါ်အကူညီတွေလိုအပ်နေတယ်လို့စစ်ရှောင်များထံကသိရပါတယ်။

“ဒီနေ့ ဘာအစားအစာမှမရောက်ဘူးတဲ့ ရှိတာလေးနဲ့ဘဲစားရတာပေါ့တဲ့ လာပို့ပေးတဲ့စေတနာရှင်တွေတော့ရှိတယ်။ အစားအစာသွားယူတဲ့သူကယောက်ျားလေးမို့လို့ ထိုင်းစစ်သားတွေကပြောတယ် ဟိုဘက်ကစစ်သားတွေကိုပို့ပေးတယ်ဆိုတာကိုထင်ပြီး မပေးတော့ဘူး” လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ နော်အဲထူးဆေး ဖေ့ဘွတ်အကောင့်ကဖော်ပြထားပါတယ်။

မဲဆောက်မြို့နယ် မယ်ပမှာရှိတဲ့ TCTF လူမှုကူညီရေးဖောင်းဒေးရှင်းကို မေးကြည့်တော့ “စစ်ရှောင်တွေအတွက် ရသလောပဲပို့ပေးလိုက်တယ်။ တိုက်ပွဲဖြစ်နေတဲ့ဘက်ကို ထိုင်းစစ်တပ်တွေက ပေးမသွားဘူး။ ဒါကြောင့် အလှူဖွယ်ပစ္စည်းတွေကရှိနေပေမယ့် စစ်ရှောင်တွေကိုသွားကူလို့မရဘူးဖြစ်နေတယ်” လို့ ဖောင်ဒေးရှင်းတာဝန်ခံ ကိုအောင်သူလင်း က Myanmar Live ကို ပြောပါတယ်။

ဗိုလ်မှူးစောဝင်းမြင့်ဦးဆောင်တဲ့ kNDO အထူးကွန်မန်ဒို VENOM စစ်ကြောင်းဟာ စစ်ကောင်စီရဲ့ ဥကရစ်ထ စခန်းကို ဇွန်လ ၂၆ ရက်နေ့ကစတင်တိုက်ခိုက်ခဲ့ပြီး စခန်းကုန်းတော်တော်များများကို စစ်ကောင်စီဖက်က လက်လွတ်ခဲ့ရပါတယ်။

ကိုချစ် (ဇွဲကပင်မြေ)

SHARE THIS NEWS

OTHER NEWS