4 May 2024

သြဂုတ် ၂၉ ရက်၊ ၂၀၂၂

ဒူဘိုင်းမှာ ပိတ်မိနေတဲ့မြန်မာအမျိုးသမီး ၈ ဦး အွန်လိုင်းပေါ်မှာ Live လွင့်အကူညီတောင်းခံတဲ့နေရာမှာ အဆိုပါအမျိုးသမီးတွေကို နေရပ်ပြန်နိုင်ရေး ဆောင်ရွက်ပေးနေပြီလို့ ရီရတ်ဒ်မြို့ မြန်မာသံရုံးက သြဂုတ် ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါတယ်။

Live ထဲမှာ “ကျမတို့ရန်ကုန်ကနေ ဒူဘိုင်းမှာ အိမ်အကူနဲ့အလုပ်လုပ်ဖို့လာခဲ့ပါတယ်။ အေဂျင်စီနဲ့လာခဲ့တာပါ။ ကျမတို့အဖွဲ့က ၇ ယောက်ရှိပါတယ်။ အေဂျင်စီကိုလဲ ပတ်စပို့စ်စာအုပ်တွေပေးအပ်ထားရပါတယ်။ ဒူဘိုင်းကိုရောက်တော့ ကားနဲ့လာကြိုတယ် အခန်းတစ်ခန်းမှာ သော့ခ်ခတ်ပြီးထားပါတယ်။ ထမင်းလဲ တစ်နေ့ကို တစ်နပ်ပဲကျွေးပါတယ်။ ပြီးတော့ ကျမတို့ကို နောက်တနေရာကိုထပ်ပို့ပါတယ်။ ဟိုလဲရောက်တော့ သော့ခ်ခတ်ပြီးထားပါတယ်။ အေဂျင်စီလဲအဆက်အသွယ်မလုပ်ခဲ့ပါဘူး။ အားလုံးမှာ Over stay တွေဖြစ်ကုန်တော့၊ အီရတ်နိုင်ငံကို ပို့မယ်လို့ ခြိမ်းခြောက်ပါတယ်။ အီရတ်နိုင်ငံက စစ်ဖြစ်ပြီး မုဒိန်းမှုအလွန်များပါတယ်။ မသွားနိုင်ဘူးလို့ ငြင်းခဲ့ပါတယ်။ မသွားရင် သိန်း ၁၀၀ လျော့ရမယ်လို့ အေဂျင့်က ကျမတို့ကိုပြောပါတယ်။ ကျမတို့ဒုက္ခရောက်နေပါတယ်။ ခုနေတဲ့အခန်းက ဖုန်း ၂ လုံးရောင်းပြီးရလာတဲ့ငွေနဲ့ငှားပြီးနေရတာပါ။ ၁၅ ရက်ပဲရပါတယ်။ ပြည့်သွားရင် ဆက်သွားစရာနေရာမရှိပါဘူး အိမ်ပြန်ပို့ နည်းလမ်းလေးပြောပေးပါ” လို့ အွန်လိုင်းပေါ်ကနေ အကူညီတောင်းခံရင်း ရီရတ်ဒ်မြို့ မြန်မာသံရုံးက ကူညီပေးလိုက်တာဖြစ်ပါတယ်။

ဒူဘိုင်းမြို့မှာ ပိတ်မိနေသူတွေဆီသွားရောက်ပြီး ပွဲစားဆိုသူနဲ့ ကာယကံရှင်တွေကြား ညှိနှိုင်းတာတွေပြုလုပ်ခဲ့အပြီးမှာ အခုတော့ ယူအေအီး အာဏာပိုင်တွေက လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

မြန်မာအမျိုးသမီးများမှာ ဒူဘိုင်းအေးဂျင့်ရဲ့ပိတ်လှောင်ခံထားရပြီး အီရတ်နိုင်ငံကိုပို့ဖို့ စီစဉ်နေတဲ့အတွက် အခန်းဖျက်ပြီးထွက်ပြေးခဲ့ကြရင်း ၁၅ ရက်နဲ့အခန်းတစ်ခန်းငှားရမ်းပြီးနေခဲ့ကြရင်း အကူညီရရန် အွန်လိုင်းကနေတောင်းခံနေတာဖြစ်ပါတယ်။ ပွဲစားရဲ့ ပိတ်လှောင်ခံရပြီး ထွက်ပြေးလွတ်မြောက်ကာ ဒူဘိုင်းမှာ သောင်တင်နေကြတဲ့သူတွေ ရာနဲ့ချီရှိတယ်လို့ Live ထဲမှာထည့်ပြီပြောသွားပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS