26 April 2024

လူ့အခွင့်အရေး ချိုးဖောက်ပြီး ပြည်သူလူထုကို ဘက်ပေါင်းစုံက အကြမ်းဖက်နေတဲ့ စစ်ကောင်စီကို အရေးယူ ဆောင်ရွက်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကလုပ်ဆောင်နေပေမယ့် နိုင်ငံတကာကပူးပေါင်းပါဝင်ပြီး အရေးယူပိတ်ဆို့မှုတွေ ဝိုင်းဝန်းလုပ်ဆောင်ပေးမှာသာ အမြန်ဆုံးတရားစီရင်နိုင်မှာ ဖြစ်တယ်လို့ NUG က ပြောကြားလိုက်ပါတယ်။

ဒီလို နိုင်ငံတကာက အရေးယူမှုတွေလုပ်ဖို့ စက်တင်ဘာ ၂၆ရက်က NUG က ပြုလုပ်ခဲ့တဲ့စစ်ကောင်စီရဲ့ဒီပဲယင်း ရက်စက်ကြမ်းကြုတ် မှုနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီရဲ့ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန် ဒေါက်တာဆာဆာက ပြောခဲ့တာပါ။

“ ကမ္ဘာ့နိုင်ငံပေါင်း ၆၀ကျော် က စစ်ကောင်စီကို လက်နက်မ ရောင်းဖို့ ဥပဒေက ရှိပြီးသားဖြစ်တယ်။ ဒါကို ဆက်လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ အကာအကွယ်မဲ့ဖြစ်နေတဲ့ ပြည်သူလူထုကို ကာကွယ်ဖို့ NUGလုပ်ဆောင်ချက်ထက် နိုင်ငံတကာက အရေးယူ ပိတ်ဆို့မှုက ပိုအရေးကြီးတယ်လို့ဆိုရမယ်။ ဒါကို နိုင်ငံတကာက သိဖို့လိုသလို ပြည်သူလူထုအားလုံးက သိဖို့လည်းလိုတယ်။” လို့ဒေါက်တာဆာဆာက ဆိုပါတယ်။

R2p ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ International Arm တွေရဲ့ လုပ်ဆောင်မှုအဖြစ် အကြမ်းဖက်ကိစ္စတွေကို လုပ်ဆောင်နေတဲ့ စစ်ကောင်စီကို ဘယ်နိုင်ငံကမှ လက်နက်မရောင်းချသင့်တော့ ဘူးလို့ လည်း သူကဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီကို လက်နက်ရောင်းချနေတဲ့ ရုရှားနဲ့ တရုတ်နိုင်ငံတွေကို ရောင်းချမှုရပ်တန့်ဖို့ ကုလသမဂ္ဂကနေ တစ်ဆင့် NUGက လုပ်ဆောင်နေပေမယ့် အောင်မြင်မှုမရသေး တာကြောင့် ဟန့်တားနိုင်ရေး ဆက်လက်လုပ်ဆောင်နေတယ် လို့လည်း သိရပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေ မလုပ်ဆောင်နိုင်ဖို့ လေယာဥ◌်မပျံသန်းရရေးဇုန်သတ်မှတ်ဖို့၊ စစ်ကောင်စီကို လေယာဉ်ဆီရောင်းချနေတဲ နိုင်ငံတွေအနေနဲ့ ရောင်းချမှုကို ရပ်တန့်လိုက်ဖို့ လိုပြီး ဒါမှသာ စစ်ကောင်စီရဲ့ ဝေဟင်ကနေ အကြမ်းဖက်နေမှုတွေကို လျှော့ချပြီးအင်အားလျော့ကျစေမှာ ဖြစ်တယ်လို့လည်း ဒေါက်တာဆာဆာက ဆိုပါတယ်။

မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်းဖြစ်စဉ်မှာဆိုရင် စစ်တပ်ဟာ စာသင်ကျောင်းကို အကြောင်းမဲ့ လေကြောင်း ကုန်းကြောင်းနဲ့ ပစ်ခတ်တိုက်ခတ်ခဲ့လို့ အပြစ်မဲ့ကလေးငယ်တွေ သေဆုံးရပြီး ကလေးငယ်အချို့မတရားဖမ်းဆီးခံနေရဆဲ ဖြစ်ပါတယ်။

ဒီလိုဖြစ်စဉ်တွေကိုနိုင်ငံတကာအနေနဲ့ လျစ်လျူရှုမထားဘဲ လူ့အခွင့်အရေးကို ဆန့်ကျင်တဲ့ ပြစ်မှု မှုခင်းတွေ အဖြစ်ဖိအားပေးဖို့လိုနေတာပါ။

ဒါ့အပြင် စစ်ကောင်စီရဲ့ ဝေဟင်နဲ့ မြေပြင်တိုက်ခိုက်မှုတွေကနေ ပြည်သူတွေကို ကာကွယ်ပေးနိုင်ဖို့ လက်ရှိမှာ အရေးတကြီး လိုအပ်နေပြီး NUGအနေနဲ့ တတ်စွမ်းသမျှလုပ်ဆောင်ပေးနေပေမယ့် နိုင်ငံတကာ ရဲ့ အကူအညီလည်း လိုအပ်နေဆဲဖြစ်တယ်လို့ NUG သတင်း ပြန်ကြားရေးအဖွဲ့မှတာဝန်ရှိသူ ဦးနေဘုန်းလတ်က ဆိုပါတယ်။

“လေကြောင်းကနေ ပစ်ဖို့ရည်ရွယ်ချက်ရှိရှိလုပ်ဆောင် လာတာဆိုရင်အသက်အန္တရာယ်ကနေ လွတ်ဖို့လုပ်ဆောင် တာဆိုရင် အခုအခြေအနေမှာ တော်တော်လေးကို ခဲယဉ်းပါတယ်။ အဲ့အတွက်ကြောင့်မို့လို့ ဝေဟင်ပစ်ခတ်မှုအချက်ပေးနိုင်နဲ့ alarm အချက်ပေးစနစ်တွေ၊ဗုံးခိုကျင်းမဟုတ်ဘဲ တကယ့်ကို safeဖြစ်တဲ့ အဆောက်အအုံတွေကို ကလေးငယ်တွေ အပြစ်မဲ့တဲ့ ပြည်သူတွေအတွက် ကာကွယ်ပေးနိုင်ဖို့လိုအပ်နေပါတယ်။ ဒီလိုအကူအညီမျိုးတွေအတွက်ကျွန်တော်တို့ ချိတ်ဆက်ပြီးတော့တောင်းခံနေပါတယ်။ခုချိန်ထိတော့ ကျွန်တော်တို့တတ်နိုင်တဲ့ ကာကွယ်မှုပဲပေးနိုင်ပါသေးတယ်။ အဲ့အတွက်ကြောင့် နိုင်ငံတကာမီဒီယာတွေကနေတစ်ဆင့် နိုင်ငံတစ်ကာအဝန်းအဝိုင်းကို သတင်းစကားပါးချင်ပါတယ်။”လို့ သူကဆိုပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီဘက်က ဘက်စုံ အင်အားသုံးတိုက်ခိုက်မှု၊မီးရှို့ဖျက်ဆီးမှုတွေကို အပြစ်မဲ့ပြည်သူတွေအပေါ်လုပ်ဆောင်နေတာကြောင့်စစ်ကောင်စီကို အ‌‌ရေးယူနိုင်မယ့်အခင်းအကျင်းကို နိုင်ငံတကာကဖိအားပေးဖို့အတွက် အဖွဲ့အစည်းတွေ အနေနဲ့ စာထုတ်ပြန်ရုံမဟုတ်ဘဲ စစ်ကောင်စီကိုအ‌ရေးယူနိုင်မယ့် အခင်းအကျင်းကို ဖန်တီးပေးနိုင်ဖို့ ဝိုင်းဝန်းကူညီပေးကြဖို့လိုအပ်နေတာပါ။

NUGအနေနဲ့ မြန်မာနိုင်ငံက ကလေးသူငယ်တွေနဲ့ အပြစ်မဲ့ပြည်သူတွေကို အကြောင်းမဲ့ သတ်ဖြတ်နေပြီး အကြမ်းဖက်နေတာကို အချိန်မီ ကာကွယ်ပေးဖို့နဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်လျက်ရှိတဲ့ အကြမ်းဖက်စစ်တပ်‌ကို နိုင်ငံတကာဥပဒေနဲ့ အညီ အပြစ်ပေးအရေးယူနိုင်ဖို့ နိုင်ငံတကာအစိုးရ၊ အဖွဲ့အစည်းတွေနဲ့ ဆက်လက်ပူးပေါင်းကြိုးပမ်းသွားပြီး နိုင်ငံတကာ အစိုးရတွေနဲ့ လွှတ်တော်တွေမှာ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ပြီး ကန့်ကွက်ရှုတ်ချခြင်းအပါအဝင် ဖြစ်နိုင်သမျှ အရေးယူဆောင်ရွက်မှုတွေပြုလုပ်ပေးနိုင်ဖို့ ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံ၊ နိုင်ငံတကာပါလီမန်များအဖွဲ့၊ အာဆီယံပါလီမန်များအဖွဲ့များသို့ အကြောင်းကြားစာပေးပို့ထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

ဓါတ်ပုံ – Myanmar Now

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS